လယ်ယာမြေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ ပြင်ဆင်၊ ဖြည့်စွက်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

လယ်ယာမြေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ ပြင်ဆင်၊ ဖြည့်စွက်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ရန်ကုန် စက်တင်ဘာ   ၁၅ ။         ။ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပြင်ဆင်၊ဖြည့်စွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၏ အားနည်းချက်များနှင့် ပြင်ဆင်၊ ဖြည့်စွက်ရေးကိစ္စများကို လယ်ယာမြေဥပဒေသင်တန်းများပို့ချပေးနေသူ ဦးမောင်မောင်ညွန့် ၊ စာရေးဆရာ ဇော်မင်း(နတ်မောက်)နှင့် ငြိမ်းချမ်းရေးနှင့်လူမှုတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့(IPSJ) ဒေါက်တာသောင်းထွန်းတို့က ဦးဆောင် ဆွေးနွေး ခဲ့ကြသည်။

အစိုးရသစ်လက်ထက်တွင် အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီက လယ်ယာမြေ ဥပဒေပြင်ဆင်ရေးအတွက် လွန်ခဲ့သည့် ၁ နှစ်ကတည်းက ဖိတ်ခေါ်ဆွေးနွေးခဲ့ပြီး၊ ၅၀ ရာခိုင်နှုန်းနီးပါး ပြင်ဆင် ရန် ဆောင်ရွက်နေသည်ဟု လယ်ယာမြေဥပဒေသင်တန်းများပို့ချပေးနေသူ ဦးမောင်မောင်ညွန့်က ပြောသည်။

"အသစ်ရေးရင် အားလုံးပြန်စရမယ်၊ ဒီအတွက် ၅၀ ရာခိုင်နှုန်းစပြီးပြင်ဆင်ကြရအောင်ဆိုပြီး သူတို့ဘက်က ပြောတယ်၊ ကျွန်တော်တို့လည်း သဘောတူပါတယ်၊ အကုန်လုံးရမှ ပြင်မယ့်အစား အရေးကြီးတဲ့အချက်တွေ ပါတဲ့ ၅၀ ရာခိုင်နှုန်းပြင်နိုင်ရင်ကို ကျွန်တော်တို့ တောင်သူတွေအတွက် အများကြီးအကျိုးရှိသွားမှာပါ၊ ဒါကို အကြံပြုခဲ့တဲ့အတွက် အမျိုးသားလွှတ်တော်မှာတော့ ကျွန်တော်တို့ မျှော်မှန်းတာရဲ့တစ်ဝက်လောက်အထိ လွှတ်တော်ကိုယ်စားလှယ်ကြီးများက ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ကျန်တဲ့အပိုင်းကိုတော့ ပြန်စမယ့် ပြည်သူ့လွှတ်တော်မှာ တင်ပြသွားမယ်" ဟု လယ်ယာမြေဥပဒေသင်တန်းများပို့ချပေးနေသူ ဦးမောင်မောင်ညွန့် က ဆိုသည်။

၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပြင်ဆင်၊ဖြည့်စွက်ရေး ဥပဒေမူကြမ်းတွင် အဓိကအချက် ၁၅ ချက်ပြင်ဆင်ထားကြောင်းသိရသည်။ ယင်းသို့ပြင်ဆင်ရခြင်းမှာ လယ်ယာ မြေဥပဒေတွင် လယ်ယာမြေစိုက်ပျိုးခွင့် တောင်သူအကျိုးစီးပွားအတွက်အကန့်အသတ်များရှိနေသည်ဟု စာရေး ဆရာ ဇော်မင်း(နတ်မောက်)က ပြောသည်။

"လယ်ယာမြေဥပဒေမှာက ပြစ်မှုပြစ်ဒဏ်တွေက ပြင်းထန်လွန်းတယ်၊ လယ်သမားအတွက် မခံနိုင်ဘူး၊ နောက် စည်းကမ်းချက်တွေက အမိန့်ရမှ ပြောင်းစိုက်ရမယ်ဆိုတာတွေက လယ်သမားလုံးဝလိုက်နာလို့မရဘူး၊ သူ့ စီးပွားရေးပဲကြည့်မှာ၊ အမိန့်တွေကို ကြည့်နေမှာ မဟုတ်ဘူး၊ အမိန့်တောင်းပြီးမှ စိုက်ကြေးဆို ငတ်သေသွား လိမ့်မယ်" ဟု စာရေးဆရာဇော်မင်း(နတ်မောက်)က ပြောသည်။

ယင်းဆွေးနွေးပွဲကို တောင်သူလယ်သမားကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး၊ မြေယာအသုံးချခွင့်မူဝါဒရေးရာများ၊ လယ်ယာမြေသိမ်းဆည်းခြင်းဥပဒေများနှင့် သီးနှံစိုက်ပျိုးခွင့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly