နေပြည်တော်၊ စက်တင်ဘာ ၇ ။ ။ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် သုံးသိန်း ရောင်းချရန် နှစ်နိုင်ငံသဘောတူ စာချုပ် လက်မှတ်ရေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၇ ရက် ညပိုင်းက နေပြည်တော်ရှိ Hilton ဟိုတယ်တွင် ကျင်းပခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်ခဲ့ သည်။
အဆိုပါ ဆန်တန်ချိန် သုံးသိန်းကို မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာမည့် ဘဏ္ဍာနှစ်တွင် ပင်လယ် ရေကြောင်းမှ သုံးလအတွင်း တင်ပို့ရောင်းချသွားမည် ဖြစ်သည်။
လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်နောက်ပိုင်းက မှစပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား ဆန်အရောင်းအဝယ် ရပ်ဆိုင်းခဲ့ပြီး ယခုနှစ်တွင်မှ ပြန်လည်တင်ပို့ရောင်းချခြင်းဖြစ်သည်။
ဦးအောင်သန်းဦးက “ဒီနှစ်မှာတော့ ၁၀မှတ်ပေါ့။ ဆန်ကွဲပါဝင်မှု ၁၀ရာခိုင်နှုန်း ပါဝင်တဲ့ ၁၀မှတ် ဆန် ရောင်းမှာ ဖြစ်တယ်။ အရင်ကတော့ ၂၅ မှတ်ဆန်၊ နိမ့်တဲ့ ဆန်တွေရောင်းပြီးတော့ ဒီနှစ်မှာတော့ အရည်အသွေး ကောင်းတဲ့ ဆန်တွေကို ဈေးကောင်းရအောင် ရောင်းချသွားမှာဖြစ်ပါတယ်။ ဈေးကွက်ကတော့ ကမ္ဘာ့ပေါက်ဈေး အတိုင်းပဲ ရမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
ထိုသို့ ဆန်တင်ပို့နေသော်လည်း ပြည်တွင်းဈေးကွက်ကို မထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ က ပြောခဲ့ပြီး လက်ရှိပြည်တွင်းတွင် ပေါ်ကျွဲ၊ ပေါ်ဆန်းစသည့် ဆန်များကို စားသုံးနေကြပြီး လက်ရှိပို့နေသည်က ဧည့်မထ ဆန်အုပ်စုများဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြည်တွင်းဈေးကွက်အတွင်း စက်တင်ဘာ ၁ရက်မှ ၉ ရက်နေ့အထိ ဆန် ဧည့်မထ(ပုံမှန်) တစ်ပြည်လျှင် ၁၂၅၀ ကျပ် ရှိပြီး ပေါ်ဆန်း(ပုံမှန်) တစ်ပြည်လျှင် ၁၈၀၀ကျပ် ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဈေးကွက်မှတ်တမ်းတွင် ဖော်ပြထားသည်။
ယခုချုပ်ဆိုသည့် MOU (Memorandum of Understanding) ကို ပြန်လည်ပြုပြင်ပြီး လာမည့် ငါးနှစ် အတွင်းတွင် ဘင်္ဂလားဒေ့ရှ် သို့ ဆန်တန်ချိန် တစ်သန်း တင်ပို့သွားမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းဦးက လက်မှတ်ရေးထိုးပွဲ မစတင်မီ မီဒီယာများကို ပြောသည်။