အိုဇေးလ်ကို အာဆင်နယ်ကစားသမားဟောင်း အီယန်ရွိုက်ပြန်လည် တိုက်ခိုက်

အိုဇေးလ်ကို အာဆင်နယ်ကစားသမားဟောင်း အီယန်ရွိုက်ပြန်လည် တိုက်ခိုက်

စက်တင်ဘာ ၄၊ အင်္ဂလန် ။          ။ အာဆင်နယ်ကစားသမားဟောင်းများကို ဝေဖန်တိုက်ခိုက်ခဲ့သည့် အိုဇေးလ်အား အာဆင်နယ်တိုက်စစ်မှူးဟောင်းတစ်ဦး ဖြစ်သည့် အီယန်ရွိုက်က ပြန်လည်တိုက်ခိုက်ခဲ့သည်။

အိုဇေးလ်က အာဆင်နယ် ကစားသမားဟောင်းများအနေဖြင့် ဝေဖန်နေမှုများကို ရပ်တန့်ပြီး အသင်းကို ထောက်ခံအားပေးကြရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုစကားကို အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရွိုက်က ရယ်ဖွယ်ကောင်းသည့် စကားဟု ဆိုခဲ့ပြီး အိုဇေးလ်အနေဖြင့် ဆန်းချက်ဇ်၏နောက်တွင် ပုန်းရှောင်နေခြင်းအားရပ်တန့်သင့်ပြီဖြစ်ပြီး အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် ပြောဆိုလိုက်သည်။

“မင်းအနေနဲ့ ဝေဖန်မှုတွေကို ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်ရှိတယ်ဆိုရင် စာချုပ်သစ်မှာ လက်မှတ်ရေးထိုးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ မင်းက အာဆင်နယ်အသင်းအောင်မြင်မှုရဖို့အတွက် အဓိက အရေးကြီးတဲ့ ကစားသမားတစ်ယောက် ဖြစ်နေလို့ပဲ။

လူတိုင်းက ဆန်းချက်ဇ်အကြောင်းပဲ ပြောနေကြပြီး ဆန်းချက်ဇ်ဘယ်ကိုသွားမလဲဆိုတာပဲ မေးခွန်းထုတ်နေကြပါတယ်။ မင်းကတော့ ဆန်းချက်ဇ်ရဲ့နောက်မှာ ပုန်းနေတယ်။ မင်းဘာဖြစ်လို့ လက်မှတ်မထိုးသေးတာလဲ။ မင်းရဲ့စိတ်ဓာတ်က ခိုင်မာတယ်ဆိုရင် မင်းဘာဖြစ်လို့ စာချုပ်သစ်မချုပ်ဆိုသေးတာလဲ။ ငါပြောချင်တာ အဲ့ဒါပဲ” ဟု အီယန်ရွိုက်က ပြောဆိုလိုက်သည်။

ထို့အပြင် အီယန်ရွိုက်က “ငါတို့ အာဆင်နယ်ကစားသမားဟောင်းတွေက အကုန်လုံးအတူတူပဲ။ ငါတို့ စိတ်ဆိုးဒေါသထွက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့က အသင်းကို ချစ်ကြလို့ပဲ” ဟု ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly