မလေးရှား သြဂုတ်၂၁ ။ ။ ယဉ်မတော်မတော်တဆဖြစ်ရာမှ မလေးရှား ဆီးဂိမ်းပြိုင်ပွဲဝင်မြန်မာ Squashအားကစားသမားများ အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီးနောက် ပြိုင်ပွဲကိုယာယီ ရွှေ့ဆိုင်းခဲ့ကြောင်းသိရသည်။
မလေးရှား ဆီးဂိမ်းပြိုင်ပွဲများအနက် Squash အားကစားပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ကြမည့် မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ အားကစားသမားများ လိုက်ပါလာသော ဘတ်စ်ကားနှစ်စီး သြဂုတ် ၂၁ ရက် နံနက်ပိုင်းက မတော်တဆတိုက်မိခဲ့သည်။ ပြိုင်ပွဲဝင်ရန် ဘူကစ်ဂျာလီအားကစားရုံသို့ မောင်းနှင်လာစဉ် အရှေ့ဘတ်စ်ကားက မော်တော်ဆိုင်ကယ်ကို ရှောင်ကာ ရုတ်တရတ်ထိုးရပ်သွားချိန် နောက်ကားက ဝင်ရောက်တိုက်မိခြင်းဖြစ်သည်။
" ဘတ်စ်ကားနှစ်စီး မတော်တဆမှုဖြစ်ခဲ့တာပါ၊ ကျွန်တော်တို့က ထိုင်းအသင်းနဲ့အတူ ပထမကားထဲမှာ ပါလာတာပါ၊ မြန်မာကစားသမားတွေက ကျွန်တော်တို့နောက်ကလိုက်လာတဲ့ ကားထဲမှာပါ၊ နောက်က ဘတ်စ်ကားက ကျွန်တော်တို့ကားကို အရှိန်နဲ့ ဆောင့်တိုက်မိခဲ့တာပါ" ဟု ဖိလစ်ပိုင် Squash အသင်း မန်နေဂျာ အေဘတ်ဒ် ဆန်တို့စ်က ပြောပါတယ်။
လက်ရှိအချိန်အထိ မြန်မာကစားသမားများ ဒဏ်ရာရရှိမှုအခြေအနေကို တိတိကျကျ မထုတ်ပြန်သေးပဲ Squashပြိုင်ပွဲကို အချိန်နောက်ဆုတ်ကာ ဆက်လက်ကျင်းပမည်ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီက အတည်ပြုထားသည်။
“ကျွန်တော်တို့ပြိုင်ပွဲကို ဆက်လက်ကျင်းပမှာပါ။ ဒါပေမယ့် ကစားသမားတွေ ဒဏ်ရာရရှိမှုနဲ့ ဆေးကုသမှုအခြေအနေကို စောင့်ကြည့်နေပါတယ်။ ပထမအကျော့ပွဲတွေကိုတော့ အချိန်နောက်ကျပြီး ကျင်းပမှာဖြစ်ပြီး နောက်ပွဲတွေဆက်ကျင်းပဖို့က ကစားသမားတွေ ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေပါတယ်” ဟု ဆီးဂိမ်းစ် Squash ပြိုင်ပွဲကျင်းပရေး မန်နေဂျာ ဆီဗန်ဆင်းကပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ကားနှစ်စီးတွင် ထိုင်းကစားသမား ၁၃ဦး၊ ဖိလစ်ပိုင်ကစားသမား ၅ဦး၊ မြန်မာကစားသမား ၁၀ ဦးပါဝင်သည်။
Ref; The Star Online