ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာသွားတဲ့ နေမာနှင့် ဒဏ်ရာရသွားတဲ့ ဆွာရက်ဇ်တို့ကို လက်လွှတ်ခဲ့ရပြီးနောက် အသင်းသားများအနေဖြင့် အဓိကတိုက်စစ်မှူး မက်ဆီကို ပိုမိုထောက်ပံ့မှု ပြုလုပ်ပေးကြရန် တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ စပိန်စူပါဖလားပွဲစဉ် နှစ်ကျော့ပေါင်း (၅-၁)ဂိုးနဲ့ ပြိုက်ဘက် ရီးယဲလ်မက်ဒရစ်ကို ရှုံးနိမ်ခဲ့သလို အဆိုပါ ပွဲစဉ်ဒုတိယအကျော့မှာ ဆွာရက်ဇ်မှာ ဒဏ်ရာရရှိခဲ့ပြီး ၎င်းကို ၄ ပတ် သို့မဟုတ် ၅ ပတ်အထိ အသင်းအနေနဲ့ လက်လွှတ်ရဖွယ်ရှိနေပါတယ်။
ဒါ့ကြောင့် ဘက်တစ်နှင့် လာလီဂါရာသီအဖွင့်ပွဲစဉ်အပါအဝင် ပွဲစဉ်အချို့ကိုလည်း နာမည်ကျော် 'MSN' တိုက်စစ်မှာ မက်ဆီတစ်ဦးတည်း ကျန်ရှိတဲ့ တိုက်စစ်နဲ့သာ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် နည်းပြ ဗယ်လ်ဗာဒီက အသင်းကစားသမားများအနေဖြင့် ၎င်းကစားသမားကို ထောက်ပ့ံမှုပြုလုပ်ပေးရန် အလိုရှိနေတာဖြစ်ပါတယ်။
နည်းပြ ဗယ်ဗာဒီက“မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစားသမား တစ်ယောက်ပါ။ ဒါက ကျနော်တို့အတွက် ကံကောင်းမှုတစ်ခုပါပဲ။ ဒါပေမယ့် ကျနော်တို့အားလုံး သူ့ကို ကူညီပေးရမယ်။” လို့ ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့ သူကစားရလွယ်ကူအောင် ပြုလုပ်ပေးရမှာဖြစ်တယ်။ ဒါကြောင့် သူ ပွဲကို ကစားနိုင်မှာဖြစ်ပြီး အသင်းကိုလည်း အကောင်းဆုံးဖြစ်စေမှာပါ။ သူ့ကို ဝန်းရံပေးဖို့ သူလိုအပ်နေပါတယ်။”
စူပါဖလား ဒုတိယအကျော့မှာ မက်ဆီနှင့် ဆွာရက်ဇ် နှစ်ဦး တိုက်စစ်အတွဲနဲ့ ကစားခဲ့ပေမယ့် ဒဏ်ရာပြဿနာကြောင့် ဆွာရက်ဇ်ကို လက်လွှတ်ခဲ့ရချိန်မှာတော့ သူ့နေရာအတွက် ဗယ်လ်ဗာဒီက “ဆွာရက်ဇ်နေရာမှာ ဘယ်လို အစားထိုးရမလဲဆိုတာ ကျနော် ရှင်းရှင်းလင်းလင်း သိထားပါတယ်။ သူ့ကို ဆုံးရှုံးရတာ ကြီးမားတဲ့နစ်နာမှု တစ်ခုပါ။ ဒါပေမယ့် တချို့ကစာသမားတွေနဲ့ သူ့နေရာကို အစားထိုးဖို့ မျှော်လင့်ထားပါတယ်။”လို့ ဆိုပါတယ်။
Ref; SBS