ရန်ကုန်၊ သြဂုတ်လ ၁၁ ။ ။ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းလမ်းတွင် ၂၄ နာရီ ဖွင့်လှစ်ထားသော g&g စတိုးဆိုင်အတွင်း Mask အနက်ရောင်တပ်ထားသော လူငယ် ၄ ဦးက ဝင်ရောက်ပြီး လုယက်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ လုယက်မှုမှာ ယနေ့ သြဂုတ်လ ၁၁ ရက်၊ နံနက် ၂ နာရီ ၄ဝ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရားခံများအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆိုင်တွင် ဝန်ထမ်းအမျိုးသားနှစ်ဦး စျေးရောင်းနေစဉ် Mask အနက်တပ်ဆင်ထားသော လူငယ် ၄ ဦးက ဝင်ရောက် လာပြီး ၄င်းတို့ထဲမှ လူငယ် ၃ ဦးအား အရောင်းဝန်ထမ်းအား ဓားဖြင့် ထောက်ထား ကာ ကျန်တစ်ဦးက ဆိုင်ကောင်တာ အံဆွဲထဲရှိ ပိုက်ဆံများနှင့် ပစ္စည်းများကို လုယက်ယူသွားခဲ့သည်။
ဆိုင်ကောင်တာ အံဆွဲအတွင်းရှိ စျေးရောင်းချရငွေ ကျပ် ၄ သိန်းခန့်နှင့် အရောင်းဝန်ထမ်းနှစ်ဦးထံက ရွှေလက်စွပ်မောင်းကွင်း တစ်ကွင်း၊ Oppo Neo-7 လက်ကိုင်ဖုန်း၊ Mi 4-X လက်ကိုင်ဖုန်းနှင့် ဖုန်းငွေဖြည့်ကတ်မျိုးစုံ စုစုပေါင်းတန်းဖိုးငွေကျပ် ဆယ်သိန်းကျော်ဖိုးတို့အား လုယက်ကာ ဆိုင်ရှေ့တွင် အသင့်ရပ်ထားသော Probox အမျိုး အငှားယာဉ်ပေါ်သို့ တက်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
ထို့ကြောင့်တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်းတွင် (ပ)၃၄၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှု ဖွင့်ကာ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကျူးလွန်သူများ ဖမ်းဆီးရမိရေး အတွက် ပတ်ဝန်းကျင်နေသူများ အား မေးမြန်းစုံစမ်းခဲ့ရာ လူငယ် ၄ ဦးမှာ g&g စတိုးဆိုင်ထဲမှ ထွက်ပြေးလာပြီး ဆိုင်ရှေ့ မျက်စောင်းထိုးတွင် ရပ်ထားသော အငှားယာဉ်ပေါ်သို့တက်ကာ ထွက်ပြေးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထိုကြောင့် ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်စုံစမ်းခဲ့ရာမှ မရမ်းကုန်မြို့နယ်၊ အမှတ် ၃ ရပ် ကွက်နေ အသက် ၁၈ နှစ်အရွယ် စည်သူလွင်အား မော်တော်ယာဉ်နှင့်အတူ နေအိမ်တွင်ဖမ်းဆီးရမိခဲ့ပြီး နံနက် ၁၁ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်နေ အသက် ၂၃ နှစ်အရွယ် အာယုကျော်၊ အသက် ၁၉ နှစ်အရွယ် ဖိုးလ ပြည့်(ခ)အောင်ပြည့်မြတ်နှင့် အသက် ၁၈ နှစ်အရွယ် ကျော်ထူး(ခ)လှမျိုးနိုင်တို့ကို သက်သေခံပစ္စည်းOppo Neo-7 လက်ကိုင်ဖုန်း တစ်လုံး၊ ရွှေလက်စွပ်မောင်းကွင်း တစ်ကွင်း၊ ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ ငွေကျပ် ၁၆ဝ,၄ဝဝ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဖမ်းဆီးရမိခဲ့သူ ၄ ဦးအား အခြားလုယက်မှုများ ကျူးလွန်ခဲ့ခြင်းရှိ၊ မရှိကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တိုက်ဆိုင်စစ်ဆေးနေကြောင်း သိရသည်။
လတ်တလောတွင် H1N1 ဖြစ်ပွားမှု ရှိနေသောကြောင့် လူအများကြား Mask တပ်ဆင်နေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ Mask တပ်လုယက်ခဲ့ခြင်း ဖြစ်သည်။