အစိုးရနှင့် အပစ်မရပ်တိုင်းရင်းသားအဖွဲ့များအကြား ယုံကြည်မှု သုည အဆင့်တွင်ပဲရှိနေသေးဟု ဆို

အစိုးရနှင့် အပစ်မရပ်တိုင်းရင်းသားအဖွဲ့များအကြား ယုံကြည်မှု သုည အဆင့်တွင်ပဲရှိနေသေးဟု ဆို

ရန်ကုန်၊ သြဂုတ် ၁၀ ။                ။ အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ထိုးမထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ၁၄ လ ကြာဆွေးနွေးမှုအပြီး ယုံကြည်မှုအဆင့်မှာ သုညအဆင့်တွင် ပဲရှိနေသေးသည်ဟု ထင်မြင်ယူဆမိကြောင်း နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောဆိုလိုက်သည်။

“ ကျွန်တော့်အနေနဲ့ နားလည်ပါတယ်။ အဲ့တော ့ကျွန်တော်တို့ရဲ့့ယုံကြည်မှုတည်ဆောက်မှုတွေ အဆင့်က ဘယ်ရောက် နေပြီလဲလို့ ပြန်သုံးသပ်လို့ရှိရင် ဒီအကြောင်းအရာ ဆွေးနွေးကြတာ ၁၄ လဆိုတဲ့အချိန်ကာလက အတော်ကြာညောင်း တယ်လို့ အဲ့လိုသုံးသပ်မိတယ်။ ဒါပေမယ့် ကျွန်တော်တို့ယုံကြည်မှုအဆင့်က ဘယ်မှာ ရှိနေလဲလို့မေးရင် သုည အဆင့်မှာ ရှိနေသေးသလားလို့ တခါတလေလည်း ကျွန်တော်အဲ့လို တွေးမိတယ်။ အဲ့တော့ ဒီခန်းမအတွင်းကနေ ယုံကြည်မှု တည်ဆောက်ရတာမလုံလောက်ဘူး။ ကျွန်တော့်လိုပဲအလားတူ တိုင်းသူ ပြည်သား အားလုံးကလည်းပဲ ကိုယ်စီကိုယ်င မတူကွဲပြားတဲ့ ခံစားမှုတွေဖြစ်ပေါ်ကြမှာပဲဆိုတာတော့ယုံမှားစရာ သံသယရှိမှာမဟုတ်ပါဘူး ”ဟု ခူဦးရယ်က ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် NCA မထိုးရသေးသည့်အဖွဲ့များမှဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ်အဖြစ်   စေလွှတ်သော   နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN) တို့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် သြဂုတ်လ ၁၀ ရက်နေ့၊ ဆဌမ အကြိမ်မြောက်   တွေ့ဆုံသည့်စည်းအဝေးဖွင့်ပွဲမိန့်ခွန်းတွင် ယင်းကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးရေးအခန်းအတွင်းတွင်ပဲ အစိုးရနှင့် အချင်းချင်းယုံကြည်မှုတည်ဆောက်နေ၍မရပဲ မြေပြင်ပေါ်သို့ သွားရောက်ရန်လည်း လိုကြောင်း ၄င်းကထပ်မံပြောဆိုသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့ဘက်မှအစိုးရကိုတောင်းဆိုထားေသော အချက် ၈ချက်အနက် ညှိနှိုင်းရန် ကျန်ရှိနေ သည့်၂ ချက်ကို ဆွေးနွေးနေကြခြင်းလည်း ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်ရေးဆွဲရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ (JMC) ကို ပြန်လည် သုံးသပ်ပြင်ဆင်ရန်ဆိုသည့် အချက်နှစ်ချက် ညှိနှိုင်းပြေလည်ပါက UNFC အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးနိုင်ဖွယ် ရှိနေသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် ပြီးခဲ့သည့် ရက်ပိုင်း သြဂုတ်လ ၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရန်ကုန်မြို့၌ တရားဝင်တွေ့ဆုံခဲ့သေးသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly