နာမည်ကျော်ကျေးလက်ဂီတအဆိုတော် ဂလန်ကမ်းဘဲလ်သည် မှတ်ဉာဏ်ချို့ယွင်းသော ရောဂါဝေဒနာကို ကာလရှည်ကြာ ခံစားရပြီးနောက်တွင် အသက် ၈၁ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သူ၏ မိသားစုက ပြီးခဲ့သောအင်္ဂါနေ့က ကြေညာခဲ့သည်။
“ကျွန်မတို့ရဲ့ ချစ်လှစွာသော ခင်ပွန်းလည်းဖြစ်၊ ဖခင်လည်းဖြစ်၊ အဖိုးလည်းဖြစ်တဲ့ ဂလန်ကမ်းဘဲလ်ရဲ့ နာရေး သတင်းကို စိတ်မကောင်းစွာနဲ့ပဲ ကြေညာလိုက်ရပါတယ်” ဟု ဂလန်၏ မိသားစုက ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
ဂန္တဝင်ကျေးလက်ဂီတသမားကြီးဖြစ်သူ ဂလန်ကမ်းဘဲလ်က သူသည် မှတ်ဉာဏ်ချို့ယွင်းသော ရောဂါကို ခံစားနေရကြောင်း လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကတည်းက ဖွင့်ဟပြောကြားခဲ့သည်။
ငယ်ရွယ်စဉ်ကတည်းက ဂီတအနုပညာကို ကိုယ်တိုင်လေ့ကျင့် တတ်မြောက်ခဲ့သည့် ဂလန်သည် ဆင်းရဲသော ကျေးလက်မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး သူ၏ကြိုးစားမှုကြောင့် သီချင်းခွေ ရ၀ ခန့် ထုတ်လုပ်နိုင်ခဲ့ပြီး အချပ် ရေ ၄၅သန်းခန့် ရောင်းချနိုင်သည်အထိ အောင်မြင်ခဲ့သော အဆိုရှင်တစ်ဦးဖြစ်သည်။
ဂလန်ကို လွန်ခဲ့သော ၁၉၃၆ခုနှစ် ဧပြီလ ၂၂ ရက်နေ့က အာကန်းနက်စ်ပြည်နယ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၁၂ ဦးအနက် ရ ယောက်မြောက် ရင်သွေးဖြစ်သည်။
သူ၏ကွယ်လွန်မှုအတွက် အခြားနာမည်ကြီး ကျေးလက်အဆိုတော်များ ဖြစ်ကြသော ဒေါ်လီပါတွန် နှင့် ဘရိုင်ယန်ဝီလ်ဆင်တို့ အပါအဝင် အခြားနာမည်ကျော် ဂီတပညာရှင်များက ၀မ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြသလို ရည်စူးဂုဏ်ပြုမှုများ အသီးသီးပြုလုပ်ခဲ့ကြသည်။