၂၉ နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ သမိုင်းစာမျက်နှာထဲက လူထုအရေးတော်ပုံကြီးရဲ့ရင်းနှီးပေးဆပ်မှုတွေက အလွန်တရာ ထုထည်ကြီးမားလွန်းလှတာ ကျွန်တော်တို့မြင်တွေ့ခဲ့ကြရပါပြီ။ မဆလအစိုးရ စနစ်ဆိုးရဲ့ခါးသီးတဲ့ဒဏ်တွေကို ခါးစည်းပြီးမခံနိုင်တော့တဲ့အဆုံး လမ်းပေါ်ထွက်လာခဲ့ကြတဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့အတွက် ရန်ကုန်မြို့နဲ့ နိုင်ငံတစ်ဝှမ်းမြို့ပြကြီးတွေဟာ စစ်မြေတလင်း အတိ ဖြစ်ခဲ့ရပါတယ်။
ရဟန်းရှင်လူပြည်သူတွေရဲ့လမ်းပေါ်က သွေးစက်တွေဟာ အခုချိန်ထိ၊ မခြောက်သွေ့သေးပါဘူး။ သူတို့ရဲ့ ဝိဉာဏ်တွေ၊ သူတို့ရဲ့ သံမဏိစိတ်ဓါတ်တွေဟာ အခုအချိန်ထိ ဒူးမထောက်၊ လက်မမြှောက်ခဲ့ပါဘူး။ ကျည်ဆန် တွေကြားမှာ သူတို့ အလံတွေဝှေ့ပြီး တောင်းဆိုခဲ့ကြတယ်။ သူတို့တွေ စွန့်စားခဲ့ကြတယ်။ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒီအရေးတော်ပုံကြီးကနေ နောက်ဆုံးမှာ သူတို့ဘာတွေ ပြန်ရခဲ့သလဲ။ သမိုင်းကို လူထုအင့်အားနဲ့ ဘယ်လောက် အထိ ရိုက်ခတ်စေခဲ့ကြသလဲ။
ဦးမင်းဇေယျ(၈၈ မျိုးဆက် ကျောင်းသား)
ဘယ်လောက်ပြင်းထန်ပါစေဆိုတဲ့ မီးပင်လယ်ကြီး ရှိနေစေအုံး ငါတို့ ဖြိုချနိုင်တယ် ဖြတ်သန်းနိုင်တယ်ဆိုတာကို ငါတို့ဘဝ အတွေ့အကြံုအရ ရခဲ့တယ်။ အဲဒီအတွက်လည်း ငါတို့ကို ငါတို့ ဂုဏ်ယူတယ်။ အဲဒီတုန်းက ပါခဲ့တဲ့ ပြည်သူတွေကိုလည်း ငါတို့က ဦးညွှတ်တယ်။ အလေးအမြတ်ပြုတယ်ပေါ့နော်။ အဲတော့ ပြောချင်တာက အာဏာရှင်စနစ်တို့ မည်သည် မည်သည့် အာဏာရှင်စနစ်မဆို သူရဲ့ အားနည်းချက်က ရှိပြီးသား အဲဒီအားနည်းချက်က ဘာလဲဆိုရင် ပြည်သူကို ပြည်သူလို့ သဘောမထားဘူး။ နိုင်ငံသားကို နိုင်ငံသားလို သဘောမထားဘူး။ လူသားကို လူသားလို့ သဘောမထားဘဲနဲ့ သူတို့ရဲ့ အုတ်မြစ်အတွက် သူတို့ရဲ့ အာဏာခိုင်မြဲဖို့အတွက် အသုံးချခံ ကရိယာလောက်ပဲ သဘောထားတယ်။ အဲဒီ သဘောထားက ပင်လျှင် ပြည်သူတွေက သူတို့ကို ပြန်တွန်းလှန်စေမယ့် အင်မတန်အင်အားကြီးတဲ့ စိတ်ခွန်အားတွေ ရခဲ့တယ်ဆိုတဲ့ အသိရခဲ့တယ်။
အရိုင်း(အနုပညာရှင်)
ဒီ ၈၈ ဆိုတဲ့ ဟာကလည်း ကျွန်တော်တို့က ဖောက်ခွဲပြီးတော့ ထွက်တဲ့နေရာ အကြီးစားကြီး ထွက်ပေါက်ကြီး အကြီးစားကြီး ဖြစ်သွားလို့သာ ၈၈ ဆို ဖြစ်သွားတာ။ တကယ်တမ်းကျတော့ အခုနက ပြောတဲ့ သေးသေးလေးတွေ အများကြီး စုနေတာ ကြာပြီဗျ။ ( ကြာပြီ)၃ ဖြစ်လာတော့ နောက်ဆုံးပိတ်ကျတော့ ဒီ အုပ်ချုပ်သူ လူတန်းစားက သိပ်အာဏာတွေ ပြင်းပြလာတဲ့ အခါကျတော့ ဒီဟာတွေရဲ့ ဟာ ဒီလူတွေက မခံနိုင်တော့ဘူး။ ရိုးရိုးလေးတွက်ကြည့်ရင်တော့ ဒါပါပဲ။ ဒီလိုပဲ ဖြစ်သွားတာပဲ။ အဲတော့ နောက်ဆုံးပိတ်ကျတော့ ကျဆုံးတာပေါ့ဗျာ။
ကိုသန်းအောင်(၈၈ မျိုးဆက်ကျောင်းသား)
ပြည်သူတွေ အားလုံး ရဟန်းရှင်လူတွေရဲ့ သမိုင်းမှာ အဲဒီမှာက ပြည်သူလူထုအားနဲ့ တကယ်လုပ်လို့ တကယ် တစ်ပါတီအာဏာရှင် စနစ်ကြီးကလည်း ပြိုလဲခဲ့ပြီ။ သမ္မတအဆက်ဆက်လည်း ပြောင်းလဲခဲ့ရပြီ။ ကျွန်တော်တို့ ပေးဆပ်လိုက်ရတဲ့ အသက်တွေ သွေးတွေကတော့ ရှိတာပေါ့ဗျာ။ စနစ်တစ်ခုကို ပြောင်းရင် ကျွန်တော်တို့ ဒါကတော့ ခံရစမြဲပဲ။ သို့သော် ပြည်သူတွေ အားလုံးရဲ့ အောင်ပွဲလို့ ကျွန်တော်တို့ ပြောလို့ ရတယ်။
ဦးကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသား)
အဓိကတော့ ကျွန်တော်တို့က လူထုရဲ့ နိုင်ငံရေး အခန်းကဏ္ဍဟာ နိုင်ငံတစ်ခုကို ပြောင်းလဲပစ်နိုင်တယ်။ စနစ်ကြီးတစ်ခုကို လုံးဝ ပြောင်းလဲပစ်နိုင်တယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုဟာ နိုင်ငံရေးကို ကိုယ်နဲ့ မပတ်သက်ချင်ရင်တောင်မှ နိုင်ငံရေးဟာ ကိုယ်နဲ့ မပတ်သက်ဘဲနေလို့ မရဘူး။ ဒါကြောင့် ပြည်သူတွေအားလုံး နိုင်ငံရေးမှာ နိုးနိုးကြားကြားနဲ့ ပါဝင်လာဖို့အတွက်ကို ကျွန်တော်တို့ လှုံ့ဆော်စည်းရုံးခဲ့တဲ့ဟာ အခုချိန်ထိလည်း မှန်ကန်နေတယ်။ နောက်လည်း မှန်ကန်နေမယ့် ဒါပြောကြားချက်တွေ မိန့်ခွန်းတွေ ဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
လူထုအရေးတော်ပုံကြီးအပြီးမှာ မဆလ တစ်ပါတီအာဏာရှင်စနစ် ကျဆုံးသွားခဲ့ပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေ အဆက်ဆက်ဦးဆောင်ပြီး နဝတ၊ နအဖ တပ်မတော်အုပ်ချုပ်ရေး စနစ်ကို အသက်သွင်းခဲ့ပြန်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး ၂၀၁၀ ခုနှစ် မှာတော့ ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပပြီး အရပ်သားအစိုးရတရပ်ကို ဖော်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဒီကနေ့ ပြည်သူတင်မြောက်တဲ့ အရပ်သား အစိုးရသစ်ဟာ ၂၀၀၈ ခုနှစ်က တပ်မတော် အရာရှိကြီးတွေ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းကနေ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေရပါတယ်။
အစိုးရသစ်လက်ထက်မှာ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးက တောင်းဆိုချက်တွေဖြစ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေစတဲ့ အချက်တွေ အပြည့်အဝ ရပြီလား။ လူထုအရေးတော်ပုံကြီးရဲ့ အိမ်မက်တွေ အကောင်အထည်ပေါ်ခဲ့ပြီလား ကျနော်တို့ တူးစွကြည့်ရအောင်ပါ။.
ဦးမင်းဇေယျ(၈၈ မျိုးဆက် ကျောင်းသား)
၂၀၀၈ ဖွဲ့စည်းပုံ မတိုင်မီတုန်းက အချိန်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြဌာန်းပြီးတဲ့ အချိန်တော့ နည်းနည်းလေး ကွာသွားတာပေါ့နော်။ သို့သော် အဲဒီမှာ ထင်ယောင်ထင်မှား ဖြစ်ပြီးတော့ သာယာနေတာမျိုး ဒါဆို ငါတို့တွေ အောင်ပြီ အောင်ပြီဆိုပြီးတော့ ဗိုလ်ချုပ်ပြောခဲ့တဲ့ ဥပမာလေးလို့ပေါ့နော်။ လှေလှော်ပြိုင်ပွဲမှာ ပန်းတိုင်မရောက်သေးဘူး လှော်တက်ထောင်ပြီးတော့ နောက်ပိုင်း နောက်ကလှေက ကိုယ့်ကိုယ် ကျော်တက်သလိုမျိုးပေါ့။ အခုလိုမျိုးပေါ့ ပန်းတိုင်မရောက်ခင်မှာ လှော်တက်မထောင်မိဖို့တော့ လိုတာပေါ့လေ။
ဦးကိုကိုကြီး(၈၈ မျိုးဆက်ကျောင်းသား)
ဒီအာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ ရှစ်လေးလုံးမှာ ပေါင်းစုံပြီးတော့ ကျွန်တော်တို့ အပြောင်းအလဲတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။ မပြီးသေးတဲ့ ကြွေးကြော်သံတွေကို နောက်မျိုးဆက်တွေ ဖြစ်တဲ့ ၁၉၉၁ လှုပ်ရှားမှု ၁၉၉၆ လှုပ်ရှားမှု ၁၉၉၈၊ ၁၉၉၉ နောက်ဆုံး ၂၀၀၇ ရွှေဝါရောင်ထိ အဲဒီလှုပ်ရှားမှုတွေ အားလုံးဟာ ရှစ်လေးလုံး ကြွေးကြော်သံရဲ့ မပြီးပြတ်သေးတဲ့ ရပ်တည်ချက် ဦးတည်ချက်တွေကို တစ်လျှောက် မျိုးဆက်တွေအလိုက် ဆောင်ရွက်ခဲ့တာတွေ ဖြစ်တဲ့ အလျောက် ရှစ်လေးလုံးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ခေတ်သစ် နိုင်ငံတော် တည်ဆောက်ရေးမှာ အဓိက ကျောရိုး ပင်မ မှတ်တိုင်ကြီး ဖြစ်တယ်ဆိုတာကို ကျွန်တော် အလေးအနက်ထားပြီး ပြောချင်ပါတယ်။
အရိုင်း( အနုပညာရှင်)
ဟိုရှစ်လေးလုံး စတည်ခါစတုန်းကလိုပဲ ကိုယ်တို့ရဲ့ စည်းလုံး ညီညွှတ်မှုလေးကို အခု အချိန်ထိ လက်တွဲမဖြုတ်ချဘဲနဲ့ ကျွန်တော်တို့တွေလည်း အမြဲတမ်း နောက်မှာ ရှိနေတာပဲ။ ထိုနည်းတူစွာ ကျွန်တော်တို့ကဲ့သို့ အလားသဏ္ဍန်တူတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ အဲတော့ ကျွန်တော်တို့တွေ အဲလို လက်တွဲမဖြုတ်ဘဲနဲ့ အခုချိန်ထိ တွဲလျှက်ချိတ်ထားတဲ့ အခါ အဲစည်းလုံးမှုလေးက ခုချိန် အရမ်းချစ်ဖို့ကောင်းတဲ့ စည်းလုံး ညီညွှတ်မှုလေးတွေ အဲဒါကြီးကို ပျောက်ပျက်မသွားကြပါနဲ့လို့ ကိုယ့်ဖာကိုယ် ကြိုက်သလို လုပ်နိုင်တယ်လို့နော်။
သွေးနဲ့ရေးခဲ့ရ၊ အသက်နဲ့ရင်းခဲ့ရတဲ့ ရှစ်လေးလုံးလူထုတော်လှန်ရေးကြီးဟာ မပြီးဆုံးသေးတဲ့ ပြည်သူ့ သူရဲ ကောင်းတွေရဲ့သမိုင်းစာမျက်နှာတွေပဲ ဖြစ်ပါတယ်။ ဆက်လက်ရေးသားရမယ့် သမိုင်းစာမျက်နှာသစ်တွေ အတွက် ၂၉ နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ သွေးစွန်းတဲ့နေ့စွဲတွေကိုတော့ ကျွန်တော်တို့ သင်ခန်းစာယူကြရမှာ အသေအချာပါပဲ။
အပိုင်း (၁)ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/30368