တောင်ပြုံးပွဲတော်ကာလအတွင်း H1N1 လူနာတွေ့ရှိပါက ပွဲတော် ပိတ်သိမ်းမည်

တောင်ပြုံးပွဲတော်ကာလအတွင်း H1N1 လူနာတွေ့ရှိပါက ပွဲတော် ပိတ်သိမ်းမည်

မန္တလေး၊ ဇူလိုင် ၃၀ ။           ။ တောင်ပြံုးပွဲတော်ကာလ ၊ မန္တလေးတိုင်းဒေသကြီးအတွင်း H1N1 လူနာတွေ့ရှိပါက ပွဲတော်ကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဇူလိုင်(၂၈)ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

'' ယနေ့အထိ H1N1 သံသယလူနာ မတွေ့ရှိသေးပါဘူး။ အစည်းအဝေးမှာ တောင်ပြုံးပွဲတော်ကာလ H1N1 လူနာတွေခဲ့ရင် တောင်ပြံုးပွဲတော် ပိတ်သိမ်းမည်လို့ အစည်းအဝေးက ဆုံးဖြတ်ထားတယ်။ တောင်ပြံုးမှာ ဗီနိုင်း၊ ပိုစတာတွေနဲ့ အသိပညာပေးသွားမှာဖြစ်သလို လာတဲ့လူတွေကိုလည်း သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး နှာခေါင်းစည်း သုံးသိန်း ဖြန့်ဝေပေးသွားမှာပါ '' ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောသည်။

မန္တ​လေးတိုင်​း​ဒေသကြီးအစိုးရအဖွဲ့၏ ဇူလိုင်(၂၈)ရက်နေ့က စတင်ကျင်းပသော တောင်ပြုံးပွဲတော်အတွက် အစည်းအဝေးတွင် လူစည်ကားစေမည့် ဇာတ်ပွဲနှင့်ရုပ်ရှင်ရုံများကို ခွင့်ပြုမိန့်ပေးမည် မဟုတ်ကြောင်း၊  H1N1လူနာတွေ့ရှိပါက တောင်ပြံုးပွဲတော်ကို ပိတ်သိမ်းမည်ဖြစ်ကြောင်း အစည်းအဝေး ဆုံးဖြတ်ထားခြင်းဖြစ်သည်။

ယခုနှစ်တောင်ပြံုးပွဲတော်တွင် ညပိုင်းကပြဖျော်ဖြေပွဲများအဖြစ် ဇာတ်သဘင် နှစ်ဖွဲ့ နှင့် ရုပ်ရှင်ရုံတစ်ရုံ ခွင့်ပြုထားပြီး တိုင်းအစိုးရအဖွဲ့၏ ဒေသန္တရအမိန့်ဖြင့် အဆိုပါ ပြသခွင့် ပိတ်ပင်ခဲ့ခြင်းကြောင့် နစ်နာမှုမရှိစေရန် လေလံအောင် မြင်ထားသည့် လေလံကြေးကို ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးအသိပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ပြုံးပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကပြောသည်။

တောင်ပြုံးပွဲတော်သည် မြန်မာနိုင်ငံ အရပ်ရပ်ရှိ မိရိုးဖလာ ကိုးကွယ်ယုံကြည်သူများ နှစ်စဉ် လာရောက်ကြသည့် ပွဲတော်တစ်ခုဖြစ်ပြီး လတ်တလော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည့် (H1N1) ရာသီတုပ်ကွးရောဂါပိုးကြောင့် မိဘပြည်သူများတွင် ကူးစက်ပျံနှံမှု အတွက် စိုးရိမ်ပူပန်မှုများ ရှိနေရာ အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက်နိုင်သော ရောဂါပိုးကို ကာကွယ်နိုင်ရန် သက်ဆိုင်ရာမှ '' လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်'' လမ်းညွန်ထားပါသောကြောင့် ပြည်သူများအနေဖြင့် သတိပြုနိုင်ပါရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ  အထူးသတိပေးနှိုးဆော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly