ထိုင်း-မြန်မာ မောတောင်နယ်စပ်ဂိတ်မှ နေရပ်ပြန်အလုပ်သမား ၁၆၉ ဦးအထိရှိနေ

ထိုင်း-မြန်မာ မောတောင်နယ်စပ်ဂိတ်မှ နေရပ်ပြန်အလုပ်သမား ၁၆၉ ဦးအထိရှိနေ
ဓာတ်ပုံ-ဝေယံ(မောတောင်)

မြိတ်၊ဇူလိုင်- ၅ ။                  ။ တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်နယ်စပ်မြို့ မောတောင်နယ်စပ်ဂိတ်တွင် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေသစ်ထုတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လာသည့်  အလုပ်သမား ဦးရေသည် ဇူလိုင် ၁ ရက်ကနေ ၄ ရက်နေ့အထိ ၁၆၉ ဦးအထိ ရှိနေကြောင်း မောတောင်နယ်စပ်ဂိတ်မှ လ.ဝ.က မှူး ဦးမိုးကျော်ဦးက မဇ္ဈိမသို့ပြောသည်။

အဆိုပါ နေရပ်ပြန် အလုပ်သမားများအတွက် တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကူညီဖြေရှင်းရေးအဖွဲ့များ ချိတ်ဆက်၍ ကူညီဆောင်ရွက်လျက်ရှိပြီး ယနေ့ ဇူလိုင် ၅ ရက်အထိ နေရပ်ပြန်အလုပ်သမားများရဲ့အခြေအနေ ပိုမိုများပြားလျက်ရှိကြောင်းသိရသည်။

 ဇူလိုင် ၅ ရက်တွင် နေရပ်ပြန်အလုပ်သမားများ ပြန်လည်ဝင်ရောက်လာနေသည့် မောတောင်နယ်စပ်ဂိတ်သို့ တနင်္သာရီမြိ့ုနယ်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက လာရောက်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း   မောတောင်ဒေသခံတစ်ဦးကဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် တရားမဝင်နိုင်ငံခြားသားအလုပ်သမားများကို စည်းမျဉ်းတင်းကျပ်ရန်ရည်ရွယ်ပြီး အလုပ်သမားဥပဒေအသစ်ပြဌာန်းခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က အလုပ်လုပ်ခွင့် ပါမစ်ဆောင်ရွက်နိုင်ရန်  ဇူလိုင်လ ၄ ရက်တွင်  အဆိုပါ ဥပဒေကို ၆ လထိ ဆိုင်းငံ့ပေးကြောင်း ကြေညာခဲ့သည်။

ထို့အပြင် နိုင်ငံခြားသားအလုပ်သမားများ တရားဝင်ဖြစ်စေရေး ဆောင်ရွက်ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ၊နယ်စပ်များ၌ နိုင်ငံခြားသားအလုပ်သမားများအတွက် အလုပ်လုပ်ခွင့် ပါမစ်များထုတ်ပေးနိုင်ရန်လည်း စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းအလုပ်သမားဥပဒေသစ်အနေဖြင့် လူကုန်ကူးမှုပြသ၁နာကို ကိုင်တွယ်နိုင်ရန် အစိတ်အပိုင်းတစ်ခုအနေဖြင့် ပြဌာန်းခဲ့သည့် ဥပဒေတစ်ခုဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly