ဂွါတီမာလာစီးတီး၊ ဇူလိုင် ၄ ။ ။ ဂွါတီမာလာမြို့တော်ရှိ လူငယ်ထိန်းသိမ်းရေးထောင်တွင် လုံခြုံရေးတပ်ဖွဲ့များနှင့် အကျဉ်းသားများကြား ရန်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ရာမှ ပေါ်ပေါက်လာသော ထောင်တွင်းဆူပူအုံကြွမှုကို တနင်္လာနေ့အနှောင်းပိုင်းတွင် ရဲတပ်ဖွဲ့မှ ထိန်းချုပ်နိုင်ခဲ့သည်။
ဒဏ်ရာရရှိခဲ့သော အကျဉ်းသားအများအပြားကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဂွါတီမာလာစီးတီးရှိ ဆန်ထရိုလော့စ်ဂါဗီယိုတက်စ် အကျဉ်းထောင်အတွင်း၌ အသက် ၁၈နှစ်အရွယ်ရှိ အကျဉ်းသား၂ဦး အသတ်ခံခဲ့ရသည်ကို အာဏာပိုင်များက တွေ့ရှိခဲ့ရာမှစတင်ပြီး လုံခြုံရေးများနှင့် အကျဉ်းသား များကြား ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရန်ပွဲအတွင်း အကျဉ်းသားများအချို့ လွတ်မြောက်ခဲ့ပြီး ရဲများကို အရာဝတ္ထုများနှင့် ပစ်ပေါက်ခဲ့ကြကာ ရဲများက မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
ဆူပူအုံကြွသူများက အာဏာပိုင်များကို အကျဉ်းထောင်တွင်း အခြေအနေနှင့် ပက်သက်၍ ၎င်းတို့၏မကျေနပ် ချက်များကို တိုင်ကြားခဲ့ပြီး ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။
ဆန်ထရိုလော့စ်ဂါဗီယိုတက်စ် အကျဉ်း ထောင်သည် အကျဉ်းသား ၂၅၀ခန့်အတွက်သာ တည်ဆောက်ထားသော်လည်း လက်ရှိတွင် ၄၆၀ခန့်အထိ စုပြုံ၍ ထည့်ထားသည်။
ဒါ့အပြင် အကျဉ်းသားများက ထောင်ဝန်ထမ်းများသည် သူတို့ကိုရိုက်နှက်ကြောင်း၊ ပုပ်သိုးနေသော အစားအစာ များကိုသာ ကျွေးကြောင်းနှင့် အများအားဖြင့် သူတို့ကို အချုပ်ချထားကြောင်း တိုင်တန်းခဲ့ကြသည်။
ထောင်တွင်းနေထိုင်ရသော အခြေအနေများကို ပိုမိုကောင်းမွန်စေရေးအတွက် တောင်းဆိုခဲ့ယုံသာမက အကျဉ်းသားများသည် ပုံမှန်အဝတ်အစားများ ဝတ်ခွင့်ပေးရန်နှင့် အိမ်ထောင်သည်များ တွေ့ဆုံခွင့်ကိုလည်း တောင်းဆိုခဲ့သည်။
ထောင်တွင်းဆူပူအုံကြွမှုအတွင်း ထောင်အစောင့် ငါးဦးခန့်လည်း ဒဏ်ရာရရှိခဲ့သည်။