ရန်ကုန်၊ဇူလိုင်၁ ။ ။ ဇူလိုင်လ ၁ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်တွင် "ကောင်းကင်ပြာအတွက် ကျောက်မီးသွေးဆိုင်ရာပဲ့တင်သံများ" ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတစ်ခု ကို မြန်မာအစိမ်းရောင်ကွန်ယက်က ဦးဆောင်ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကျောက်မီးသွေးစီမံကိန်းများတည်ရှိရာဒေသများမှ ဒေသခံအချို့နှင့်
သဘာဝပတ်ဝန်းကျင်ကျွမ်းကျင်ပညာရှင်များတက်ရောက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲကို တက်ရောက်လာသည့်ထားဝယ်ဒေသခံ နော်အယ်သပလေးဝါးက ကျောက်မီးသွေးစက်ရုံများ၏ စွန့်ပစ်ပစ္စည်းများကြောင့် ဒေသခံများ ရောဂါခံစားနေရမှုအခြေအနေများကိုပြောပြသည်။
“မိန်းကလေးတွေမှာ အသက်ရှူကြပ်တဲ့ရောဂါဖြစ်သွားတယ်။နောက်ပြီးတော့ ခေါင်းကိုက်တယ် ဇာတ်ကြောတက်တယ်။ယောကျ်ားလေးတွေမှာလည်း ဇာတ်ကြောတက်တယ်။ မျက်ရိုးတွေ ဘာတွေ ကိုက်တယ်။ နောက်ပြီးတော့ အရေပြားရောဂါလည်း ဖြစ်သေးတယ်။အဲ့ဒီရေကို သွားထိလို့ရှိရင် အရေပြားပေါ်မှာ ဝဲ လိုမျိုးရောဂါတွေပေါက်လာတယ်” ဟု နော်အယ်သပလေးဝါး က ပြောသည်။
မိုးလေဝသပညာရှင်ဦးထွန်းလွင်က ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူမည့်စီမံကိန်းများအတွက် ဦးဆောင်သူများက အပြည့်အဝတာဝန်ယူရမည်ဟုပြောသည်။
“ကျောက်မီးသွေးကို ရာသီဥတုအရရော ကျန်းမာရေးအရရော ဒီဟာက အလွန်သတိထားရမယ့်အရာ ။ အထူးသဖြင့် လုပ်တဲ့သူမှာ အလွန်တာဝန်ကြီးတာ။ ဒီကထွက်လာတာတွေကို ပြည်သူလူထုဆီမရောက်အောင် လုပ်တဲ့ကဏ္ဍမှာ အဲ့ဒီလုပ်တဲ့သူက အပြည့်အဝတာဝန်ယူရမယ်။ တာဝန်ယူရမယ်နော်” ဟု မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောသည်။
လက်ရှိအစိုးရသစ်လက်ထက်တွင် ကျောက်မီးသွေးစီမံကိန်းများကို ရန်ကုန်၊ ပုသိမ်၊ ထားဝယ်၊ ပြည်၊ မန္တလေး၊ လားရှိးမြို့ပတ်ဝန်းကျင်များတွင် တည်ဆောက်ရန်စီစဉ်နေပြီး ကချင်နှင့်ကရင်ပြည်နယ်များတွင်လည်း တည်ဆောက်ရန်စီစဉ်နေသည်။