ရန်ကုန်၊ ဇူလိုင် ၁ ။ ။ ၂၀၁၆ နိုဝင်ဘာလအတွင်းမှာ စတင်ခဲ့တဲ့ ရန်ကုန်မြို့၊ ကမ်းနားလမ်းညဈေးဟာ အစောပိုင်းကာလတွေမှာ လူစည်ကားပြီး အရောင်းအဝယ် ကောင်းမွန်ခဲ့ပေမယ့် အခုအချိန်မှာတော့ အရောင်းအဝယ်တွေ သိသိသာသာ ကျဆင်းနေတယ်လို့ သိရပါတယ်။
“ဟိုဘက်ထက်စာရင် ဒီဘက်မှာတော့ အများကြီးကျတယ်။ ဟိုဘက်က အခုလို မိုးတွင်းဆိုရင်လည်း သူဟာနဲ့သူရောင်းရတယ်။ ဖောက်သည်ရှိတယ်။ ဒီဘက်ကြတော့ ဝေးလည်း ဝေးသွားတယ်။ ဖောက်သည်လည်းတော်ရုံမလာတော့ဘူး။ လသာ ၂၆ လမ်းဘက်ဆိုတော့ အရမ်းလည်းဝေးတော့ ဧည့်သည်တွေ တော်ရုံမလာကြတော့ဘူး ” လို့ ကမ်းနားလမ်းညဈေးမှ ကြံရည်၊ အအေးဆိုင်ဖွင့်ထားတဲ့ မအိအိမိုးက ပြောပါတယ်။
အကင်မျိုးစုံရောင်းတဲ့ မမေသဇင်က “အရောင်းအဝယ်အခြေအနေက ဟိုမှာရောင်းတုန်းကတော့ အရမ်း ရောင်းရတယ်။ ဒီမှာတော့ အရမ်းပါးတယ်။ အရောင်းအဝယ်က တော်တော်မှ တော်တော်ပါးတယ်” လို့ အခြေအနေကို ပြောပါတယ်။
မိုးတွင်းကာလမှာ အရောင်းအဝယ်မကောင်းဖြစ်နေတဲ့ ညဈေးတန်းကို အမိုးအကာတွေ စနစ်တကျ လုပ်ပေးမယ်ဆိုရင်တော့ စားသုံးသူတွေ ပြန်လည်ဆွဲဆောင်နိုင်မယ်လို့ ဈေးသည် အချို့က ဆိုပါတယ်။
“အရောင်းအဝယ်အခြေအနေက မိုးတွင်းမှာမကောင်းဘူးဗျ” လို့ ကိုအားချွင်း (ဟုန်ရှင်းရှမ်းခေါက်ဆွဲနဲ့ ရှမ်းအစားအစာအရောင်းဆိုင်) က မဇ္ဈိမက ပြောပါတယ်။
“ရွှေ့ကာစကတော့ ရောင်းကောင်းတယ်ဗျ။ ဆိုင်လည်းစီတယ်လေ။ ဆိုင်ခန်းတွေလည်းအပြည့်ရှိတယ်။ စီမံချက် အတိုင်းလုပ်တယ်ဆိုတော့။ အခုတော့ ဆိုင်တွေကအပေါ်မှာ ပြန်ဖွင့်တဲ့ ဆိုင်တွေလည်းရှိတယ်။ အောက်မှာလည်းနည်းသွားတယ်။ အဲဒီအတွက်ကြောင့် အရောင်းအဝယ် အတယ်။မိုးတွင်းဆိုတော့ အမိုးအကာမရှိတာရယ်။ မိုးနဲ့လေနဲ့ ရေကတက်တာနဲ့ ဆိုတော့ အဆင်မပြေဘူး” လို့ ဦးထွန်းနိုင် ဆီချက်ခေါက်ဆွဲဆိုင်က ဆိုပါတယ်။
အခုအချိန်ဆိုမှာတော့ အရောင်းအဝယ် မကောင်းလို့ အချို့ ဆိုင်တွေ အနေနဲ့ ပြန်လည်ပြောင်းရွှေ့တာတွေ၊ ပိတ်ထားတာတွေတောင် ရှိနေတယ်လို့ သိရပါတယ်။
“ မိုးရွာရင်လူကဒီဘက်ကို လုံးဝမဆင်းတော့ဘူး။ လုံးဝမဆင်းတော့တဲ့ အခါကြတော့ အကုန်လုံးပါပဲ။ တစ်တန်းလုံးမှာ လုံး၀ အရောင်းအဝယ် ပါးသွားတယ်။တစ်ချို့ တော်တော်များများဆိုရင် ဆိုင်တွေတောင် ပိတ်ထားကြတယ်။ အရောင်းအဝယ်အေးတော့ အလုပ်သမားစရိတ်တွေရှိတယ်။ သယ်ယူစရိတ်တွေ ရှိတယ်ပေါ့နော်။ ဒီအတွက် တွေကြောင့်မို့ တစ်ချို့ ဆိုင်တွေတောင် မထွက်ကြဘူး” အအေးဆိုင်မှ ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။
ဒီညဈေးတန်းကိုတော့ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်တွေမှ လမ်းမကြီးများပေါ်တွင် ရောင်းချနေသည့် လမ်းဘေးဈေးသည် ၆ ထောင်ကျော်ကနေ ၁၆၀၀ နီးပါးကို ပြောင်းရွှေ့ နေရာချထားပေးပြီး စတင်ခဲ့တာပါ။