မင်္ဂလာပါ ..
ဒီတစ်ပတ်တော့ ကြောင်လျှာသီးလေး သုပ်စားဖို့ ပြင်ဆင်ထားပါတယ်။ သူ့ ပင်ကိုယ်အရသာက ခါးပေမယ့် မခါးအောင် သုပ်စားလို့ရတဲ့ နည်းလမ်းလေး ပြောပြပေးပါမယ်။ အခု အသုပ်မှာ ပုဇွန်ခြောက်ထည့်ထားပါတယ်။ တကယ်လို့ သားသတ်လွတ်စားချင်သူတွေဆိုရင်တော့ ပုဇွန်ခြောက်မထည့်ဘဲ သုပ်စားနိုင်ပါတယ်။ အရသာက ခါးသက်သက်လေးကို မှ ကြိုက်တတ်သူတွေအတွက် ထမင်းနဲ့ပဲစားစား အဆာပြေရေနွေးကြမ်းနဲ့ပဲ မြည်းမြည်း အဆင်ပြေမယ့် အသုပ်လေးပါ။
လိုအပ်တာတွေကတော့
ကြောင်လျှာသီး နုနု ၁တောင့်
ကြက်သွန်နီ ၃ ဥ (ပါးပါးလှီး ဆီချက် ချက်ထားရန်)
ကြက်သွန်ဖြူ ၁ ဥ(ပါးပါးလှီး ဆီချက် ချက်ထားရန်)
သံပုရာသီး ၁ လုံး
မြေပဲလှော် အနည်းငယ်
ပုဇွန်ခြောက် အနည်းငယ်နဲ့
နှမ်းလှော် အနည်းငယ် လိုအပ်ပါတယ်။
ကြောင်လျှာသီးကို ပါးပါးလှီးပါ။ ပြီးရင်တော့ အခါးပေါ့အောင် ဆားနဲ့ နာနာနယ်ပါ။ နယ်ပြီးရင် ၅ မိနစ်လောက် ခဏထားပါ။
အခါးရည်ထွက်သွားပြီး ပျော့သွားရင်တော့ ဆားငန်ဓာတ် ပြောင်အောင် ရေ လေး ငါးခါ ဆေးပါ။ အငန်ဓာတ် မကျန်တော့ဘူးဆိုရင်တော့ ရေစစ်ထားပါ။ ရေစစ်သွားရင် သံပုရာသီး ၂စိတ် ညှစ်ထည့်ပြီး နှပ်ထားပါ။
ပြီးရင်တော့ ကြက်သွန်နီဆီချက် ကြက်သွန်ဖြူဆီချက် မြေပဲထောင်း ပုဇွန်ခြောက်ထောင်း နှမ်းလှော်နဲ့ ကြောင်လျှာသီးတို့ကို ထည့်ပါ။
အစာပလာတွေ စုံလင်ပြီဆိုရင်တော့ ဆီချက် ဆမ်းပြီး သုတ်နိုင်ပါပြီ။ ပြီးရင်တော့ အပေါ့အငန်အတွက် ဆား အနည်းငယ်ထည့်ပါ။ အချဉ်လိုရင် အချဉ်အနည်းငယ်ထည့်ပါ။
အခုဆိုရင်တော့ အခါးကြောက်တတ်တဲ့သူတွေတောင် စားလို့မြိန်စေမယ့် ကြောင်လျှာသီးသုပ်လေး ရပြီ။ သားသတ်လွတ်စားမယ်ဆိုရင်တော့ ပုဇွန်ခြောက်မပါဘဲ သုပ်စားနိုင်ပါတယ်။
ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။