ရန်ကုန်၊ ဇွန် ၂၈ ။ ။ TNLA နယ်မြေတွင် သတင်းသွားယူခဲ့သည့် သတင်းသမား ၃ ဦးကို မတရားအသင်းအဖွဲ့များနှင် ဆက်သွယ်ဆောင်ရွက်မှု ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ထားပြီး သီပေါ အကျဉ်းထောင်၌ ထိန်းသိမ်းထားကြောင်းသိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီ အင်္ဂလိပ်ပိုင်းအယ်ဒီတာ ဦးကျော်စွာမိုးအား ဆက်သွယ်မေးမြန်းခဲ့ရာ "သေချာသလောက်တော့ ရှိနေပြီထင်တယ်။ ၁၇/၁ နဲ့ ဖွင့်လိုက်တာရယ် ထောင်ကို ပို့လိုက်တာရယ်တော့ သေချာသလောက်ရှိနေပြီ" ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ သတင်းသမားများအား သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ စွဲချက်တင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၁ ရက်တွင် သီပေါတရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း DVB သတင်းဌာန မြန်မာပိုင်း၏ မြန်မာနိုင်ငံဆိုင်ရာ Bureau Chief ဦးတိုးဇော်လတ်က ပြောသည်။
TNLA နယ်မြေ၌ ကျင်းပသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအခမ်းအနားသို့ သတင်းသွားယူပြီး ပြန်လာသည့် DVB သတင်းဌာနမှ ကိုအေးနိုင်၊ ပြည့်ဖုန်းနိုင်နှင့် ဧရာဝတီသတင်းဌာနမှ ကိုသိန်းဇော်တို့အား တပ်မတော်မှ ဇွန်လ ၂၆ ရက် နေ့တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။
အဆိုပါ သတင်းသမားများ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ထိခိုက်မှုများ ရှိလာနေပြီဖြစ်သည်ဟု သတင်းစာဆရာများက မှတ်ချက်ပြုပြောဆိုမှုများ ရှိနေခဲ့ပြီး ယင်းသတင်းသမားများကို ပြန်လွှတ်ပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားခဲ့သည်။