ရန်ကုန်၊ ဇွန်လ ၂၃ ။ ။ အဆိုတော် ထူးအယ်လင်းနှင့် Cobra တို့ စီးလာသည့် ကားပေါ်မှ ရဲဒင်းတွေ့ရှိသဖြင့် ဒဂုံမြို့မရဲစခန်း တွင် ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဇွန်လ ၂၃ ရက်တွင် သတင်းထုတ်ပြန် သည်။
အဆိုတော်နှစ်ဦးမှာ ဇွန်လ ၂၂ ရက်၊ ည ၉ နာရီခန့်အချိန်က ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းနှင့် ရွှေတိဂုံ ဘုရား လမ်းထောင့်တွင် သောက်စားမူးယစ်ပြီး တက္ကစီသမားနှင့် ခိုက်ရန်ဖြစ်ပွားနေကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် တက်လာသည့် သတင်းများအရ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှင့် ခိုက်ရန်ဖြစ်သည်ဆိုသော တက္ကစီအား မတွေ့ရဘဲ 4C---- SOLUNA VIOS ငွေမင်ရောင်မော်တော်ယာဉ် နှင့်အတူ အဆိုတော်ထူးအယ်လင်းနှင့် Cobra တို့အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များက အဆိုပါ အဆိုတော်နှစ်ဦးစီးလာသည့် ကားအတွင်းသို့ စစ်ဆေးရာ ကားရှေ့ခန်း ထိုင်ခုံနှစ်ခု အကြားတွင် အရိုးအသွား ၁၉ လက်မခန့်ရှိ ရဲဒင်းတစ်လက်အား တွေ့ရှိခဲ့သည်။
ထိုသို့ ကားအတွင်း ရဲဒင်းတွေ့ရှိခဲ့သဖြင့် အဆိုပါ အဆိုတော်နှစ်ဦးကို ထိန်းသိမ်းကာ ဒဂုံမြို့မရဲစခန်းသို့ ခေါ်ယူ စစ်မေးခဲ့ပြီး ဒဂုံမြို့မရဲစခန်းမှ (ပ)၁၀၃/၂၀၁၇၊ ရန်ကုန် ရဲအက်ဥပဒေပုဒ်မ ၃၀ (က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြစ်မှု ကျူးလွန်သူနှစ်ဦးအား အရေးယူထားသည့် ရန်ကုန်ရဲအက်ဥပဒေပုဒ်မ- ၃၀၊ ပိုဒ်ခွဲ(က)ပါ ပြဌာန်းချက်မှာ ဘေးအန္တရာယ်ဖြစ်စေနိုင်သော (သို့မဟုတ်) ပြစ်မှုကျူးလွန်ရန်အသုံးပြုနိုင်သော လက်နက်တစ်စုံတစ်ရာနှင့် တွေ့ရှိ၍ မေးမြန်းရာတွင် ထိုသို့သော လက်နက်တို့ကို မည်သည့်အကြောင်းကြောင့် ကိုင်ဆောင်သယ်ယူလာရကြောင်း ကျေနပ်လက်ခံနိုင်လောက်သော အကြောင်းမပြ၊ မပြောနိုင်သူဟု ပြဌာန်းထားပြီး မည်သည့်ရဲ အရာရှိ ကမဆို ဝရမ်းမပါဘဲဖမ်းဆီးနိုင်ကာ ပြစ်ဒဏ် (၃)လ အထိချမှတ်နိုင်သည်။
“သွားတုန်းက တူတူသွားစားသောက်ကြတာ မိသားစုလိုက်။ ကိုအယ်ကြီးက မူးနေလို့ မိသားစုပါလို့ ကားမောင်းမှာ စိတ်မချလို့ Cobra က လိုက်မောင်းပေးပြီး သူ့မိသားစုကို မြလေးကခေါ်ပြီး နောက်ကားနဲ့လိုက်တယ်။ သူတို့ကရှေ့ကထွက်သွားတယ်။ လမ်းရောက်တော့ ကိုအယ်က ပြောင်းမောင်းပြီး Taxi တစီးနဲ့ငြိတယ်။ ကိုအယ်မူးနေတော့ ကားပိတ်ရပ် ဆင်းထိုးတယ် ။ Cobra လိုက်ဆွဲတောင်းပန်တယ်။ ရဲတွေရောက်လာပြီး ခေါ်သွားတယ်။ အခုအချုပ်ရောက်နေတယ် ဒါပဲ” ဟု အဆိုတော် Cobra ၏ ဇနီးဖြစ်သူက ခင်မဉ္ဇူခိုင်က သူ့ လူမှုကွန်ယက်အကောင့်တွင် ပြောထားသည်။