အမေရိကန်အဆိုတော် အာရီရာနာဂရန်ဒီသည် Dangerous Woman ဟု အမည်ပေးထားသော သူမ၏ နယ်လှည့် ဖျော်ဖြေပွဲကို ပြီးခဲ့သောလက မန်ချက်စတာ၌ လူ ၂၂ဦးသေဆုံးခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ခေတ္တ ရပ်နားခဲ့ရပြီး ဇွန်လ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ပဲရစ်မြို့၌ ဖျော်ဖြေပွဲအား ပြန်လည်စတင်ခဲ့သည်။
AccorHotels Arena ၌ ပြုလုပ်ခဲ့သော သူမ၏ ဖျော်ဖြေပွဲပြီးနောက်တွင် ဂရန်ဒီသည် ပဲရစ်မြို့အား ကျေးဇူးတင် ကြောင်းကို ဓာတ်ပုံနှင့်တကွ အင်စတာဂရမ်၌ ဖော်ပြခဲ့ပြီး ယခုလို နယ်လှည့်ဖျော်ဖြေပွဲများ ပြန်လည်စတင်နိုင် သည့်အတွက် ဝမ်းသာကြောင်း ပြောခဲ့သည်။
ဒါ့အပြင် မန်ချက်စတာ အကြမ်းဖက်တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသော သူမ၏ ပရိသတ်များကို ရည်ရွယ်၍ စာတို လေးတစ်ခုကို ရေးသားခဲ့ပြီး “ ရှေ့လျှောက် ကျွန်မတို့ရဲ့ နတ်ကောင်းနတ်မြတ်တွေဆီမှာ ဆုမွန်ကောင်းတောင်း ရပါမယ်” ဟု ပြောခဲ့သည်။
ဒါ့အပြင် “ ကျွန်မရဲ့ ဂီတဝိုင်း၊ အကသမားတွေနဲ့ အဖွဲ့သားအားလုံးအတွက် အလွန်ဂုဏ်ယူရသလို ကျေးဇူးလည်း တင်မိပါတယ်။ ရှင်တို့အားလုံးကို ချစ်ပါတယ်” ဟု ရေးသားခဲ့သည်။
ပြီးခဲ့သော တနင်္ဂနွေနေ့တွင် ဂရန်ဒီသည် မန်ချက်စတာ ဗုံးပေါက်ကွဲအတွင်း ထိခိုက်ဆုံးရှုံးခဲ့ရသူများအတွက် ရည်ရွယ်သော ရန်ပုံငွေဖျော်ဖြေပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး သူမနှင့်အတူ ကေတီပယ်ရီ၊ မိုင်လီဆိုင်းရပ်စ်၊ Coldplay အဖွဲ့၊ ဂျက်စတင်ဘီဘာနှင့် အခြားသော အနုပညာရှင်များက သီဆိုဖျော်ဖြေခဲ့ကြသည်။