ရှမ်းမြောက် နမ္မတူမြို့နယ်မှ စစ်ရှောင်ဒုုက္ခသည် ၁၄၀ ကျော် နေရပ် ပြန်

ရှမ်းမြောက် နမ္မတူမြို့နယ်မှ စစ်ရှောင်ဒုုက္ခသည် ၁၄၀ ကျော် နေရပ် ပြန်
နမ္မတူမြို့နယ် စစ်ဘေးရှောင်ပြည်သူများအား မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-ရှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ စိုင်းအောင်မြင့်ဦး

ချင်းမိုင်၊မေလ ၃၀။              ။  ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် တအာင်းတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံ ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ယနေ့ မေလ ၃၀ ရက်နေ့တွင် ၁၄၀ ကျော် နေရပ်ပြန်သွားကြပြီ ဖြစ်ကြောင်း နမ္မတူမြို့နယ် ဒုက္ခသည်စခန်းကူညီရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောသည်။

မေလ ၁၁ ရက်နေ့မှစတင်၍ နမ္မတူမြို့နယ် ဆိုက်ခေါင်၊ နမ္မဆော့၊ ပန်ဝူး၊ ပိန်လောင်၊ နမ့်ကန်၊ ပိန်လောင်း စသည့် ကျေးရွာများမှ ရွာသား ၃၀၀ ကျော်သည် နမ္မတူမြို့ ရွှေမြင်သာ ဘုန်းကြီးကျာင်းတိုက်သို့ လာရောက်ခိုလှုံနေရာမှ ယနေ့တွင် ကျန်နေသော ရွာသား ၁၄၇ ဦးသည် နေရပ်ရင်းသို့ ပြန်သွားကြပြီ ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

“ဒီနေ့ပဲ ၁၄၇ ယောက် ပြန်သွားတာ။ အခြေအနေကောင်းလို့ ပြန်သွားကြတယ်။ တိုက်ပွဲ မဖြစ်တော့ဘူးလို့ ပြောတာပဲ။ ကျွန်တော်တို့ဆီက ကားနဲ့ပဲ လိုက်ပို့လိုက်တာ။ သူတို့ လုပ်ကိုင် စားသောက်ဖို့အတွက် ပြန်သွားတာ။ အခုနေလို့ထိုင်လို့ အရင်လို ရပြီလို့ ပြောတာပဲ။ သူတို့က အခြေအနေကောင်းပြီလို့ယူဆလို့ ပြန်ကြည့်တာပေါ့”ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

မေလလဆန်းပိုင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိးထားသော RCSS နှင့် NCA လက်မှတ်မထိုးသေးသော TNLA တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများကြောင့် နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာမှ ရွာသားများသည် မေလ ၁၁ ရက်နေ့မှ စတင်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် နမ္မတူမြို့သို့ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာသူ စစ်ပြေး ဒုက္ခသည် ၆၇၀ ကျန်ရှိသေးပြီး စားဝတ်နေရေး အဆင်ပြေကြောင်း သူက ပြောသည်။ လက်ရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်း၊ လီဆူဒုက္ခသည်စခန်းနှင့် ရှမ်း ဒုက္ခသည်စခန်း ၃ ခုတွင် ခိုလှုံနေကြောင်း သိရသည်။

 ပြီးခဲ့သည့် မေလ ၂၆၊၂၇၊ ရက်များတွင် နမ္မတူမြို့နယ် မန်ဆန်ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေပြီး ယခု နေရပ်ရင်းသို့ ပြန်သွားကြပြီဖြစ်ကြောင်း လီဆူ ဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးဝမ်လုက မေလ ၂၇ ရက်နေ့က မဇ္ဈိမကို ပြောဆိုခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ကျောက်မဲမြို့နယ် နမ့်ဆန်မြို့နယ်များတွင်း တပ်မတော်နှင့် တအာင်းတပ်မတော်(TNLA)တို့အကြား မေလ ၂၆၊ ၂၇၂၈ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly