မေ ၃၀၊ ဘာစီလိုနာ။ ။ ဘာစီလိုနာအသင်းသည် အသက် ၅၃ နှစ်ရှိ အာနက်စ်တို ဗယ်လ်ဗာဒီကို တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့် နှစ်နှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ်ခန့်အပ်လိုက်သည်။
ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဗယ်လ်ဗာဒီသည် လေးနှစ်ကြာကိုင်တွယ်လာသည့် ဘီလ်ဘာအိုအသင်းမှ ထွက်ခွာတော့မည်ဟု ပြီးခဲ့သည့်တစ်ပတ်က ကြေညာထားသူဖြစ်သည်။
ဗယ်လ်ဗာဒီအနေဖြင့် အန်းနရစ်နေရာတွင် အစားဝင်ကိုင်တွယ်မည်ဖြစ်သည်။ ဘာစီလိုနာအသင်းနှင့်သုံးနှစ်စာချုပ်ပြည့်သွားပြီး ယခုနှစ်တွင် လာလီဂါဒုတိယရအောင်စွမ်းဆောင်ခဲ့သည့် အန်းနရစ်သည် အသင်းမှထွက်တော့မည်ဟု မတ်လကတည်းက ပြောဆိုထားသည်။
အန်းနရစ်သည် အသင်းကို စတင်ကိုင်တွယ်သည့်နှစ်မှာပင် ဖလားသုံးလုံးရယူပေးခဲ့ပြီး၊ ၂၀၁၆ တွင် ပြည်တွင်းဖလားနှစ်လုံး၊ ယခုနှစ်တွင် ကိုပါဒယ်ရေးဖလားတို့ကို ရယူပေးခဲ့သည်။ သုံးနှစ်အတွင်းဖြစ်နိုင်ဖွယ်ဖလား ၁၃ လုံးအနက် ကိုးလုံးရအောင် ယူပေးနိုင်ခဲ့သည်။
ဗယ်လ်ဗာဒီကိုနည်းပြသစ်အဖြစ်ခန့်အပ်ကြောင်းကြေညာခဲ့သည့် ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက “ကျွန်တော်သူနဲ့ ဒီနေ့ စကားပြောတုန်းက သူသိပ်ပျော်နေတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီရာထူးက သူ့အတွက်အထူးစိန်ခေါ်မှုတစ်ခုဖြစ်နေလို့ပဲ။
သူ့မှာလုံလောက်တဲ့စွမ်းရည်ရှိပြီး ဒီအလုပ်ကိုလက်ခံနိုင်လောက်တဲ့အရည်အချင်းရှိနေတယ်ဆိုတာကိုလည်း သူသိပါတယ်။ ကျွန်တော်တို့အသင်းနဲ့ကိုက်တဲ့ အလုပ်လုပ်ပုံမျိုးလည်းရှိတယ်။
လူငယ်စီမံကိန်းကိုသဘောကျသူဖြစ်ပြီး နည်းစနစ်သစ်တွေကိုလည်း ကိုက်ညီအောင်ဖော်ဆောင်ဖို့ ထက်သန်ပြင်းပြသူ ဖြစ်ပါတယ်”ဟု ပြောသည်။
ဗယ်လ်ဗာဒီသည် ဂွာဒီယိုလာ၊ ဗီလာနိုဗာ၊ အန်းနရစ်တို့ကဲ့သို့ ဘာစီလိုနာကစားသမားဟောင်းအဖြစ်မှ နည်းပြဖြစ်လာခြင်းဖြစ်သည်။
ဗယ်လ်ဗာဒီသည် ဘာစီလိုနာအသင်းတွင် ၁၉၉၈ မှ ၂၀၀၀ ခုနှစ်အထိ နှစ်နှစ်ကြာကစားခဲ့ဖူးသည်။ တိုက်စစ်မှူးအဖြစ် ပွဲ ၂၀ ကစားခွင့်ရပြီး ရှစ်ဂိုး သွင်းနိုင်ခဲ့ကာ ဥရောပရှုံးထွက်ဗိုလ်များဖလားနှင့် ယူအီးအက်ဖ်အေဖလားတို့ရရှိခဲ့သည်။ ယင်းနောက် ဘီလ်ဘာအိုသို့ပြောင်းရွှေ့ပြီး ခြောက်နှစ်ကြာကစားခဲ့သည်။
Ref; Daily Mail