ကာဘူးလ် မေ ၂၁ ။ ။ အာဖဂန်နစ္စတန်နိုင်ငံ ပတ်ခ်တီယာခရိုင်အတွင်းရှိ ဘဏ်ခွဲတစ်ခုတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး ၇ဦးသေဆုံး ပြီး ၃၁ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်အတွင်းရှိ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်။
ဂါဒက်ဇ်မြို့တွင်းရှိ New Kabul Bank ၏ ဘဏ်ခွဲတစ်ခုကို ပြီးခဲ့သော စနေနေ့က ဒေသစံတော်ချိန် ညနေ ၂:၃၀ နာရီတွင် သူပုန်များက ၂ နာရီကြာတိုက်ခိုက်ခဲ့ကြောင်း ပတ်ခ်တီယာခရိုင် အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိ သူက ပြောခဲ့သည်။
သူပုန်တစ်ဦးသည် သယ်ဆောင်လာသည့် ပေါက်ကွဲစေသောပစ္စည်းများကို ဖောက်ခွဲပစ်ခဲ့ကာ လမ်းဖွင့်ပေးခဲ့ပြီး နောက်ထပ်သူပုန်သုံးဦးက ဘဏ်အတွင်းသို့ ဝင်ရောက်ကာ လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး နောက်ဆုံးတွင် သေဆုံးသွားခဲ့ကြောင်း တိုက်ခိုက်မှုဖြစ်ပွားပုံကို သူက ပြန်လည်ပြောပြခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ တိုက်ခိုက်မှုအတွင်း သူပုန်လေးဦးအပါအဝင် ရဲအရာရှိ နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဒေသတွင်းရှိ ကျန်းမာရေးဌာနမှ ဒါရိုက်တာဖြစ်သူ ရှီယားမိုဟာမက်က သေဆုံးသူများအတွင်း အရပ်သားများ လည်း ပါဝင်ခဲ့ကြောင်း ပြောခဲ့သည်။
ယခုအချိန်အထိ မည်သည့်သူပုန်အဖွဲ့က အဆိုပါတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ပါသည်ဟု ကြေညာ ခြင်းမရှိသေးကြောင်း သိရသည်။
အမေရိကန်တို့၏ အဆိုအရ နေတိုးအဖွဲ့မှ တိုက်ခိုက်ရေးမစ်ရှင်များကို ပြီးခဲ့သော ၂၀၁၅ခုနှစ် ဇန်နဝါရီလတွင် အဆုံးသတ်လိုက်ကတည်းက သူပုန်များသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ နယ်နမိတ်အသီးသီးကို တိုက်ခိုက် ထိုးနှက်လျက်ရှိကြောင်း သိရသည်။