မကွေး၊ ဧပြီ ၃၀ ။ ။ မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များမှ ထည့်ဝင်လှူဒါန်းခဲ့သော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများဖြင့် အလွဲသုံးဝယ်ယူထားသည့် ယာဉ်များအား မကွေး တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေကိုယ်စား ကိုယ်စားလှယ်လွှဲအပ်ခြင်းခံထားရသူ ဦးကြည်ထွန်းက ဧပြီ ၂၉ရက်တွင် ပြန်လည်အပ်နှံခဲ့သည်။
မကွေးတိုင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့လှူဒါန်းခဲ့သည်ဆိုသော မော်တော်ယာဉ် (၄)စီး၊ Wheel Loader (၁)စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား ယမန်နေ့ ညနေပိုင်းအချိန်ခန့်က လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်။
မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ရ ဘီလီယံကျော်ရရှိသည့်အထဲမှ အဆိုပါ ယန္တရားများကို ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး အလွဲသုံးငွေများအနက် ပထမဆုံး ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။
“ကျွန်တော်က ရန်ကုန်ရောက်နေတယ်၊ ပေးထားတဲ့ ကတိအတိုင်း ဦးကြည်ထွန်းက မကွေးတိုင်းအစိုးရအဖွဲ့ထံ လာအပ်သွားတာပါ။ ယာဉ်တွေကတော့ အခုဒီမှာရှိပါတယ်။ ရေယာဉ်(၂)စီးကတော့ တိုင်းမြစ်ကြောင်းရုံးမှာပါ။ ရှေ့ဆက် ဘာဆက်လုပ်မလဲဆိုတာကတော့ ပြည်ထောင်စုအစိုးရရဲ့ အတည်ပြုချက်အတိုင်း လုပ်ဆောင်သွားပါ့မယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက မဇ္ဈိမသို့ ပြောသည်။
ရေနံတွင်းတိမ် ရန်ပုံငွေ ရ.၄၅၉ ဘီလီယံ ပျောက်ဆုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲပြီး ယာဉ်ယန္တရားများ၊ ငွေကျပ် ၁.၅၇ ဘီလီယံကျော်အနက် သိန်း ၅၀၀၀ ကျပ်အား ပထမအရစ်အနေဖြင့် မေလ ပထမပတ်တွင် လည်းကောင်း၊ ကျန်ရှိငွေများမှာ လုပ်ငန်းလုပ်ကိုင်ထားသည့်အတွက် ပြန်လည်ကောက်ခံပြီး ဇူလိုင်လ တတိယပတ်တွင်လည်းကောင်း ပြန်လည်ပေးသွင်းသွားမည်ဖြစ်ကြောင်း ဦးဘုန်းမော်ရွှေမှ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ ဧပြီ ၂၇ ရက်နေ့က အကြောင်းပြန်စာပေးပို့ကတိပြုထားသည်။
ပြန်ရရှိမည့် ရန်ပုံငွေများနှင့် မကွေးတိုင်းဖွံ့ဖြိုးရေးအတွက် အသုံးပြုထားသည့် ၄ ဘီလီယံကျော် ကိစ္စများနှင့် ပတ်သက်၍ မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေးကာ
ပြည််ထောင်စုအစိုးရသို့ တင်ပြပြီး ပြည်ထောင်စုအစိုးရ၏ အကြံပြုချက်အတိုင်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဟု ဒေါက်တာအောင်မိုးညိုကပြောသည်။