ပြည်၊ ဧပြီ ၂၈ ။ ။ ပဲခူးတိုင်း ပြည်ခရိုင်၊ ပြည်မြို့နယ် NLD အလုပ်အမှုဆောင်ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်ဉာဏ်ဝင်းကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၆၆ ဃ နှင့် တရားစွဲဆိုသည့်အမှုအတွက် ဧပြီလ ၂၇ ရက် က တရားလိုပြသက်သေတစ်ဦးကို ထပ်မံစစ်ဆေးခဲ့သည်။
၂၀၁၆ မိုးရာသီ ပြည်မြို့ ရေကြီး ချိန်က ကိုကျော်ကျော်ဉာဏ်ဝင်းသည်"နဝင်းဝါရုံ ရေဘေးကယ်ဆယ်ရေးစခန်းသို့ လှူဒါန်းသော ငွေကြေးနှင့်ပစ္စည်းများ မရ "ခေါင်းစဉ်ဖြင့် လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။
"ပစ္စည်းနဲ့ငွေကြေးတွေမရဘူးလို့ NLD ရုံးကို တိုင်တန်းလာတော့ ကယ်ဆယ်ရေးစခန်းမှာလုပ်နေသူ တွေကို ဖုန်းနဲ့ လှမ်းမေးတယ်။ အဝတ်အစားနဲ့ ပစ္စည်းတွေကတော့ ဒီပြင်နေရာကို ပြန်လှူတယ်။ ပိုက်ဆံတစ်သိန်းကတော့ မသိဘူးဖြေတယ်။ အဲဒီမှာ ကျွန်တော် ရေဘေးဒုက္ခသည်တွေကို ပိုက်ဆံအကြောင်းမေးတော့ အေးမြသာယာရွာရာအိမ်မှူး ဦးမောင်မောင်က သိမ်းထားတယ် ပြောလို့ ဖေ့ဘွတ်ကနေ တင်လိုက်တယ်"ဟု ဆိုသည်။
အေးမြသာယာ ရပ်ကွက်ရာအိမ်မှူး ဦးမောင်မောင် (လူမှုကူညီရေးအဖွဲ့ဝင်) က တရားလိုပြုလုပ်၍ ပြည်မြို့နယ် NLD ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်ဉာဏ်ဝင်း နှင့် Copy Text ဖြင့် ကူးယူဖော်ပြသူ မောင်ရှိန်းမင်းပိုင်တို့ကို တိုင်တန်းခဲ့သည်။
ပြည် မြို့နယ်တရားရုံး ၌ ရာဇဝတ်ကြီး အမှတ် ၆၃၆၇/၂၀၁၆ ဖြင့် မြို့နယ်တရားသူကြီး ဒေါ်ချိုချိုသင်း က စစ်ဆေးနေပြီး အမှုရုံးတင်သည့်နေ့မှာပင် စွပ်စွဲခံရသူများကို အာမခံပေးခဲ့သည်။
ဧပြီလ ၂၇ ရက် ၊ ရုံးချိန်း ၁၁ ချိန်း မြောက်နေ့တွင် တရားလိုပြသက်သေ လူမှုကူညီရေးအဖွဲ့ ဝင် တစ်ဦးဖြစ်သူ ကိုနေဇာကို စစ်ဆေးခဲ့သည်။
တရားလို ဘက်မှသက်သေ ကိုနေဇာ က "အများဆုံးဖြတ်ချက်အရ စာရေးကရိယာများနှင့် ငွေတစ်သိန်းကို ကယ်ဆယ်ရေးစခန်းဖွင့်ထားသော စာသင်ကျောင်းအားလှူဒါန်းခဲ့ပြီး အဝတ်ထုပ်များကို မိုးညို ၊ သံပုရာကုန်း ၊ ညောင်ကန်ကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း "တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟုပြောသည်။
"ကယ်ဆယ်ရေးစခန်းဖွင့် တုန်းကလည်း မြို့နယ် NLD က တစ်ယောက်မှမလာခဲ့ ဘူး ။ အခု လူကလည်း ထမင်း တစ်ထုပ်၊ ရေတစ်ဗူးတောင် လာမပေးဘူး ။ သူများပြောစကားနဲ့ ဖေ့ဘွတ်တင်လိုက်တာ "ဟုလည်း ၄င်းကဆိုသည်။
သို့သော် NLD ရုံးသို့ ရေဘေးသင့်အိမ်ထောင်စု ၂၀ ၏ တိုင်ကြားမှုများရှိသည့်အတွက် " အများဆုံးဖြတ်ချက်ဆိုပေမယ့် အကုုန်လုံးမဟုတ်ဘူးလေ"ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
အကြောင်းအရာကိစ္စနှင့့့့် ပတ်သတ်ပြီး ဦးမောင်မောင်ပါ ပရဟိတအဖွဲ့ ဝင် ၆ ဦးကို ငွေအလွဲသုံးစားမှုဖြင့် ကိုကျော်ကျော်ဉာဏ်ဝင်းက လည်းကောင်း ၊ ရေဘေးသင့် ပြည်သူတစ်ဦး က လည်းကောင်း နှစ်ကြိမ်တိုင် တိုင်ကြားခဲ့ပြီီိး ပြည်မြို့နယ်တရားရုံးက နှစ်ကြိမ်လုံး ပလပ်ခဲ့သည်။
လူမှုအဖွဲ့ ဝင်များကလည်း ကိုကျော်ကျော်ဉာဏ်ဝင်းအပါအဝင် NLD ပါတီဝင်အချို့ကို အရေးယူရန် ဆန္ဒပြခြင်း၊ ပါတီဗဟိုရုံးသို့ တိုင်တန်းခြင်းများ ပြုလုပ်ခဲ့သည်။