ရန်ကုန်၊ ဧပြီလ ၂၅ ။ ။ မူးယစ်ဆေးဝါးမှု၊ လုယက်မှုတို့ဖြင့် ဖမ်းဆီးခံထားရသည့် နဂါးလေးအမှုတွင် တရားလိုပြသက်သေအဖြစ် မူးယစ်ရဲတပ်ဖွဲ့မှ လာရောက်ထွက်ဆိုခြင်းမရှိသည့်အတွက် လာမည့် မေ ၉ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်။
ဧပြီလ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံး၌ နဂါးလေး(ခ) အောင်နိုင်မြင့် အမှုနှင့် ပတ်သက်ပြီး မူးယစ်ရဲတပ်ဖွဲ့ကို တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုရန် ချိန်းဆိုထားရာ လာရောက်ခဲ့ခြင်းမရှိသည့်အတွက် ထပ်မံရုံးချိန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မူးယစ်ရဲတပ်ဖွဲ့မှ နဂါးလေးကို မူးယစ်ဆေးဝါးမှု၊ လုယက်မှုတို့ဖြင့် ဖမ်းဆီးခဲ့စဉ်က နဂါးလေးမှာ လွတ် မြောက်သွားခဲ့ပြီး ၎င်း၏ အပေါင်းအပါဖြစ်သည့် မျိုးဇော်ဦးကို ဖမ်းဆီးရမိခဲ့သည့်အတွက် တရားခံအဖြစ် တရားစွဲတင်ခဲ့ပြီး နဂါးလေးကို တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း မျိုးဇော်ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်မြင့်က ပြောသည်။
“အရင်က မျိုးဇော်ဦးအမှုကို စစ်ဆေးနေပြီပေါ့။ ဒါပေမယ့် အခုနဂါးလေးကိုပါ ဖမ်းမိတဲ့ အခါကျတော့ မျိုးဇော်ဦးအမှုနဲ့ နဂါးလေးအမှုကို ပေါင်းလိုက်ပြီး ထပ်တရားစွဲတင်လိုက်တယ်။ အခု အသစ်ပြန်ပြီး စစစ် ဆေးနေတာပေါ့။ တရားလိုသက်သေအဖြစ် မူးယစ်ရဲတပ်ဖွဲ့က မလာတော့ ထပ်ပြီးရုံးချိန်းလိုက်တယ်။ ၉ ရက် နေ့ဆိုရင် ပြန်စပြီး စစ်ဆေးမှာပေါ့”ဟု လက်ရှိ နဂါးလေးအမှုအခြေအနေနှင့် ပတ်သက်ပြီး ဦးတင်မြင့်က မဇ္စျိမသို့ ပြောသည်။
အသက် ၃၄ နှစ်အရွယ် နဂါးလေး(ခ) အောင်နိုင်မြင့်မှာ ပစိဖိတ်ဓာတ်ပုံတိုက်ပိုင်ရှင်ကို ပြန်ပေးဆွဲရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး မူးယစ်မှု၊ လုယက်မှုတို့ဖြင့် တောင်ဒဂုံမြို့နယ်၊ ၂ဝ ရပ်ကွက်ရှိ လှော်ကားလမ်းနှင့် ဥဿဖုရားလမ်းဆုံတွင် နဂါးလေးစီးလာသည့် X-TRAIL အမျိုးအစား ခဲရောင်ယာဉ်ကို ရဲတပ်ဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးစဉ် နဂါးလေးက ရဲတပ်ဖွဲ့ယာဉ်များကို တိုက်ပြေးကာ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
နဂါးလေး ထွက်ပြေးရှောင်တိမ်းနေစဉ် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ မနက် ၈ နာရီတွင် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးအဖွဲ့များက လုံးထွေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။