နေပြည်တော်၊ ဧပြီ ၂၅ ။ ။ NCA လက်မှတ်ထိုးခြင်းသည် လက်နက်ချခိုင်းခြင်းမဟုတ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားလိုက်သည်။
၎င်းက ဧပြီလ ၂၄ရက်က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် -(NCA) အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင် ကျနော်တို့ NCAဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့အချက်မဟုတ်ပါဘူး။ ဒါလူတိုင်းသိပါတယ်။ သို့သော်လည်း တချို့ အဖွဲ့အစည်းများက နားလည်မှုလွဲနေတာသည် NCAလက်မှတ်ထိုးခြင်းသည်လက်နက်ချခိုင်းတယ်လို့ နားလည်မှုလွဲနေတာရှိပါတယ်” ဟုပြောသည်။
အဆိုပါ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးရသေးသည့် အဖွဲ့များ လက်မှတ်ရေးထိုးနိုင်ရန် လက်ရှိရေးထိုးထားပြီးသော ခေါင်းဆောင်များမှ တိုက်တွန်းပေးကြရန်လည်း ၎င်းက ပြောသည်။
“ဒါတွေကို နားမလည်သေးတဲ့အဖွဲ့ရော၊ နားလည်ပြီးတော့မှ နားမလည်ချင်ယောင်ဆောင်တဲ့ အဖွဲ့တွေရော သိအောင်လို့ ကျနော်တို့ လက်မှတ်ထိုးပြီးသား တိုင်းရင်းသားခေါင်းဆောင်ကြီးများက တဆင့်စကား တဆင့်ကြား ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ ဒါလေးတွေလည်းပဲ တိုက်တွန်းပေးစေကြောင်းပြောလိုပါတယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကပြောသည်။
ထို့အပြင် NCA စာချုပ်အတွင်းပါသည့် အချက်အလက်များကို ဘယ်လောက်ထိ အကောင်အထည်ဖော်ဆောင်နိုင်မလဲဆိုသည့် အချက်သည် တန်ဖိုးရှိကြောင်းနှင့် အဆိုပါအချက်များနှင့်အတူ တစ်နိုင်ငံလုံးရှိ ပြည်သူ၊ ပြည်သားများ ထာဝရ ငြိမ်းချမ်းရေး ရရှိခြင်းနှင့်အတူ ဒီမိုကရေစီ အသီးအပွင့်များကို ခံစားနိုင်အောင် ဆောင်ရွက်ပေးရန်လည်း ထပ်ပြောသည်။
“တကယ်တမ်းတန်ဖိုးရှိတာသည် လက်မှတ်ထိုးပြီးသား NCA မှာပါတဲ့ အချက်အလက်တွေကို ဘယ်လောက်ထိအကောင်အထည်ဖော်နိုင်မလဲဆိုတာက ကျနော်တို့အတွက် တန်ဖိုးရှိတဲ့ အချက်ဖြစ်ကြောင်းလည်း သတိပြုစေချင်ပါတယ်။ တန်ဖိုးရှိတဲ့ အချက်တွေဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူ၊ ပြည်သားတွေအားလုံး ငြိမ်းချမ်းရေးရဖို့ ထာဝရငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်ပေးကြပါလို့ ဒိမိုကရေစီအသီးအပွင့်တွေခံစားနိုင်အောင် ဆောင်ရွက်ပေးကြပါလို့တိုက်တွန်းလိုပါတယ်” ဟု ၎င်းကဆိုသည်။
ယနေ့ကျင်းပပြုလုပ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ ့ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့ဝင်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပရန် နေ့ရက်သတ်မှတ်ခြင်း၊ အဆိုပါ (၂၁) ရာစုပင်လုံတွင် အားလုံး လက်ခံနိုင်သော အခြေခံမူဝါဒ ဖော်ထုတ် နိုင်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပရသေးသော အဖွဲ့များ ဆိုင်ရာကိစ္စ၊ JMC မှ အတည်ပြုထားသော Standard Operating Procedure (SOP) များအား JICM က အတည်ပြုခြင်း၊ ပစ်ခတ်တိုုက်ခိုုက်မှုရပ်စဲရေးဆိုုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ လုုပ်ငန်းလမ်းညွှန်တွင် JMC အဆင့်ဆင့်၏ လုုပ်ပိုုင်ခွင့်များ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ကြားကာလစီမံမှု အစီအစဉ်ဆိုင်ရာကိစ္စ၊ အပစ်ရပ်နယ်မြေ၊ အပစ်ရပ်ဒေသ သတ်မှတ်ရေးကိစ္စ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို JCB သို့ တင်ပြ၍ ညှိနှိုင်း ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပိုမို ပါဝင်လာရေးအပါအဝင် အချက် ၁၂ချက်ကို ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ထားသည်။