မန်းရွှေစက်တော်ဘုရား ဘုရားကြီးဘဏ္ဍာငွေ ၂၀၁၇တစ်နှစ်တည်း ကျပ်သိန်း ၄သောင်းကျော်ရရှိ

မန်းရွှေစက်တော်ဘုရား ဘုရားကြီးဘဏ္ဍာငွေ ၂၀၁၇တစ်နှစ်တည်း ကျပ်သိန်း ၄သောင်းကျော်ရရှိ

မန်းရွှေစက်တော်ဘုရား အရပ်သားဂေါပကလက်ထက်တွင် ဘုရားကြီးဘဏ္ဍာငွေ ကျပ်သိန်း ၁၀၀၀၀ ကျော်တိုးပွားရရှိပြီဖြစ်ကြောင်း ဘုရားကြီးဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ဂေါပကအသစ် လက်ထက် ၂၀၁၇ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော် အတွက် တင်ဒါ/လေလံ အရပ်ရပ်ရငွေ၊ စျေးဆိုင်အခွန်ငွေ တဲခိုဆောင် မဲချဝင်ငွေ၊ နဝကမ္မအလှူငွေ၊ စေတိယသန္တက အလှူငွေ၊ ရွှေဆိုင်းရောင်းရဝင်ငွေ၊ စက်တော်ရာ ဝန်ထမ်းတည်းခိုဆောင် ဝင်ငွေ စသည့် အရပ်ရပ် ဝင်ငွေများကြောင့် ဘုရားကြီးဘဏ္ဍာငွေများ တိုးပွားခဲ့ကြောင်း ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူးထံမှ သိရှိရသည်။

မန်းရွှေစက်တော်ဘုရားကြီး ဂေါပကအဖွဲ့ အသစ်အား ၂၀၁၆ ဒီဇင်ဘာလမှ စတင်ပြီး ရွေးချယ် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

"၂၀၁၆ ဒီဇင်ဘာ(၂)ရက်နေ့က ဂေါပကအဟောင်းထံမှ ဘဏ္ဍာငွေ အရပ်ရပ် (၃,၈၄၂,၅၃၃,၂၃၉.၉၈) ကျပ်ကို လွှဲပြောင်းလက်ခံရယူခဲ့ပါတယ်။ ၂၀၁၇ ဧပြီ(၁၂)ရက်နေ့အထိ ဘုရားဘဏ္ဍာငွေ စုစုပေါင်းမှာ (အသုံးစရိတ်များနုတ်ပြီး) (၄၈၆၁၂၃၉၀၆၅.၄၁) ကျပ် ဖြစ်ပါတယ်။ ဒါကြောင့် ဂေါပကအသစ်လက်ထက်မှာ ဘုရားကြီးဘဏ္ဍာငွေဟာ (၄,၈၆၁,၂၃၉,၀၆၅.၄၁ - ၃,၈၄၂,၅၃၃,၂၃၉.၉၈ ) ၁,၀၁၈,၇၀၅,၈၂၅.၄၃ ကျပ် တိုးပွားလာခဲ့ပါတယ်" ဟု ဂေါပကဥက္ကဌ ဦးမြင့်သိန်းက မဇ္ဈိမသို့ပြောသည်။

ဘုရားဘဏ္ဍာငွေဟာ နှစ်အဆက်ဆက်မှ ၂၀၁၆ခုနှစ်ထိ ရငွေ စာရင်းချုပ်ပြီး အစိုးရသစ်ထံ လွှဲငွေမှာ သိန်းပေါင်း သုံးသောင်းကျော်သာရှိသော်လည်း ၂၀၁၇ အရပ်သား ဂေါပကလက်ထက် (၁)နှစ်တည်းတွင် သိန်ပေါင်းတစ်သောင်းကျော် ဘုရားကြီးဘဏ္ဍာငွေ တိုးပွားလာကြောင်း သိရသည်။

စစ်အစိုးရလက်ထက်ကတည်းက မန်းရွှေစက်တော်ဘုရားတွင် မင်းဘူးခရိုင် အုပ်ချုပ်ရေးနှင့်၊ဌာနဆိုင်ရာ အကြီးအကဲများက ဂေါပကအဖွဲ့အဖြစ် တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ ယခုအစိုးရသစ်လက်ထက် ၂၀၁၇တွင် မကွေးတိုင်းအစိုးရမှ အရပ်သားဂေါပကအဖွဲ့သစ် ဖွဲ့စည်းကာ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲပိတ်ပွဲနေ့ကိုလည်း အရပ်သားအစိုးရလက်ထပ်တွင် အစဉ်အလာ နှစ်ဆန်း ၁ရက်မှ ၂၀၁၇ခုနှစ်က စကာ နှစ်ဆန်း ၂ရက်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly