ပဲခူးတိုင်း ပြည်မြို့နှင့် နတ်တလင်းမြို့မှ အခြေခံကျောင်းသားသမဂ္ဂ၏ ဒေါင်းအိုးဝေသံချပ်အဖွဲ့သည် သံချပ်စာသားဆင်ဆာတင်ပြထားခြင်းမရှိသည့်အတွက် ဧပြီ ၁၁ ရက်က ပြည်မြို့တွင်း လှည့်လည်ဖျော်ဖြေစဉ် ရဲတပ်ဖွဲ့က သတိပေးစောင့်ကြည့်ခဲ့သည်။
"ဆင်ဆာတင်ထားလား။ ဆင်ဆာတင်ဖို့ လိုတယ်ဆိုပြီးလာပြောတယ်"ဟု သံချပ်အဖွဲ့ဝင်ဆောင်းဦးသွင်က ဆိုသည်။
ဧပြီ ၁၁ ရက်တွင် ထိုသံချပ်အဖွဲ့သည် ပြည်မြို့၊ ရွှေဆံတော်ဘုရားအား ဦးခိုက်ကာ ပြည်မြို့မရဲစခန်းရှေ့တွင် စတင်ဖျော်ဖြေခဲ့သည်။ ရဲတပ်ဖွဲ့က သံချပ်စာသား မိတ္တူပေးရန် တောင်းဆိုခဲ့ရာ သံချပ်အဖွဲ့ဝင်များက ငြင်းဆိုခဲ့သည်။
ညနေပိုင်း ဘုရင့်နောင်လမ်းမကြီးဘေးတွင် သံချပ်အဖွဲ့ ကားရပ်အနားယူနေစဉ် ပြည်မြို့မရဲစခန်းမှူးက သံချပ်များဆင်ဆာတင်ရန် လာရောက်သတိပေးခဲ့သည်။
ပြည်၊ နတ်တလင်းဒေါင်းအိုးဝေသံချပ်အဖွဲ့သည် မင်္ဂလာပါ ဗမာပြည်၊ ပညာရေးတိုက်ပွဲ၊ ၁၀၁၀၊ လွှတ်တော်များသို့၊ ပညာရေး သည့် သံချပ် ၅ ပိုဒ်ကို ဧပြီ ၁၁ရက်မှ ၁၅ ရက်အထိ ဖျော်ဖြေသွားမည်ဖြစ်သည်။
၎င်းတို့အဖွဲ့သည် ပြည်-ရန်ကုန်လမ်းတစ်လျောက် ပြည်မြို့မှ သုံးဆယ်မြို့တိုင် သွားရောက်ဖျော်ဖြေလျက်ရှိသည်။