နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ရှိ အချုပ်ထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် တရားခံနှစ်ဦးအား ဧပြီ ၉ရက် နံနက်က ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ပျဉ်းမနားမြို့မ ရဲစခန်းမှူး တင်ဌေးက မဇ္ဈိမကို အတည်ပြုပြောသည်။
အဆိုပါ အကျဉ်းသားနှစ်ဦးမှာ ဧပြီ ၈ရက် နံနက်ပိုင်းက အချုပ်ထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ပျဉ်းမနားမြို့ ဘောဂဝတီရပ်မှ ငွေသိန်း(ခ)ညီညီ နှင့် မင်းလှမြို့မှ ဝင်းထိုက်ကျော် ဆိုသူတို့နှစ်ဦးအား ဧပြီ ၉ရက် နံနက် ၉နာရီချိန်ခန့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းကဆိုသည်။
"ဒီနေ့နက် ကိုးနာရီလောက်က လယ်ဝေးမြို့နယ် သာဝတ္ထိနယ်မြေရဲကင်း ကြာကန်စစ်ဆေးရေးဂိတ်ကနေဖမ်းမိတာ"ဟု ဦးတင်ဌေးကဆိုသည်။
အဆိုပါ ခိုးမှုများဖြင့် လွတ်မြောက်ခဲ့သူနှစ်ဦး အား ယခုပြန်လည် ဖမ်းဆီးရမိသည့်အချိန်တွင် ရာဇသတ်ကြီးပုဒ်မ ၂၂၄အရ ထပ်မံအရေးယူ အမှုဖွင့်အရေးယူထားပြီဖြစ်ကြောင်း ပျဉ်းမနားမြို့မရဲစခန်းမှူး ဦးတင်ဌေးက မစ္ဇျိမသို့ပြောသည်။
၂၀၁၄ခုနှစ်အတွင်းကလည်း ဆေးရုံအချုပ်သားတစ်ဦး ထွက်ပြေးဖူးကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဇော်ခင်အောင်၏ ပြောပြချက်အရ သိရသည်