ရန်ကုန် ၊ ဧပြီ ၄ ။ ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကို ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခဲ့သည့် ပြည်သူများအနေဖြင့် အကြောက်တရားများကြောင့် မဲပေးခြင်းမဟုတ်ဘဲ ယုံကြည်၍ မဲပေးခဲ့ခြင်းသာ ဖြစ်သည်ဟု SNLD တွဲဖက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က မဇ္စျိမသို့ ပြောသည်။
"ပြည်သူတွေကိုယ်တိုင်က ကျွန်တော်တို့အပေါ်မှာ ယုံကြည်တယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒီ မိုင်းရှုး နဲ့ ကျေးသီးက အမှန်အတိုင်းဆိုရင် ကျွန်တော်တို့ရဲ့ စည်းရုံးရေးနယ်မြေတွေလည်းဖြစ်တယ်။ ကျွန်တော်တို့ ကျားခေါင်း SNLD ကို အရမ်းကို ထောက်ခံတဲ့နယ်မြေတွေဖြစ်တယ်" ဟု စိုင်းကျော်ညွန့်က ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ ရ နေရာဝင်ပြိုင်ခဲ့ပြီး ၆ နေရာအထိ အနိုင်ရရှိခဲ့သည့် SNLD အနေဖြင့် စည်းရုံးရေး ကောင်းမွန်မှုကြောင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု စိုင်းကျော်ညွန့်က ထပ်လောင်းပြောဆိုခဲ့သည်။
ကျေးသီးနှင့် မှိုင်းရှုးမြို့နယ်များ၏ ပြည်သူလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာများ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က နေရာအပြည့်အနိုင်ရရှိပြီးနောက် SNLD ကို မဲထည့်ခဲ့သည့် ပြည်သူများတွင် အကြောက်တရားများ လွှမ်းမိုးနေသည် ဆိုသည့် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
သို့ပေမယ့် "စည်းရုံးရေးဆိုတာ ဒီအတိုင်းပါပဲ။ နေရင်းထိုင်ရင်းနဲ့တော့ လူတစ်ယောက်ကို အတင်းအဓမ္မ သွားလုပ်လို့ မရပါဘူး။ ဒီအဖွဲ့ကိုပဲ မဲပေးပါ။ ဟိုအဖွဲ့ကိုမဲပေးပါဆိုတာက လုပ်ဖို့မလွယ်ပါဘူး" ဟု SNLD တွဲဖက်အတွင်းရေးမှူး(၂) စိုင်းကျော်ညွန့်ကဆိုသည်။
အဆိုပါ ကျေးသီးနှင့် မိုင်းရှုးနယ်မြေများသည် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) စိုးမိုးရာဒေသဖြစ်ပေမယ့် အဆိုပါဒေသများအတွင်း လွတ်လပ်စွာ မဲဆွယ်စည်းရုံး၍ ရသည်ဟု SSPP/SSA က မဲဆွယ်စည်းရုံးရေးကာလအတွင်း သတင်းထုတ်ပြန်ထားသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်လွှတ်တော် ကျိုင်းတုံမဲဆန္ဒနယ်အမှတ်(၁) တွင် ၁ နေရာသာ ရှုံးနိမ့်ခဲ့ပြီး ကျေးသီးနှင့် မိုင်းရှုးတို့၌ ပြည်နယ်လွှတ်တော် ၄ နေရာ၊ ပြည်သူ့လွှတ်တော် ၂ နေရာအပြည့် အနိုင်ရရှိခဲ့သည်။