ဧပြီ် ၂ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ တောင်ယမားချောင်းကမ်းမှ ထွက်ရှိသော ခရမ်းချဉ်သီးများ စျေးနှုန်းဆက်တိုက်ကျဆင်းနေ၍
ခရမ်းချဉ်စိုက်တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း သိိရသည်။
ခရမ်းချဉ်သီးစျေးနှုန်းမှာ ဖေဖော်ဝါရီလက ကျပ် ၂၀၀၀ ခန့် စျေးပေါက်သော်လည်း မတ်လကုန်ပိုင်းမှ စ၍ စျေးနှုန်းများ ဆက်တိုက်ကျဆင်းလာကာ လက်ရှိအချိန်၌ တစ်ပိဿာ ကျပ် ၁၀၀ သာစျေးပေါက်တော့ကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။
"လက်ရှိအစ်မတို့ အခင်းပေါ့။ တစ်ဧက နီးပါးရှိတယ်။ စိုက်ပျိုးစရိတ်က ဆယ်သိန်းကျော်နေပြီ။ လက်ရှိစျေးနှုန်းနဲ့ဆို ရှုံးပြီ " ဟု ရွှေပင်ပေါက်ကျေးရွာမှ ကြက်သွန်စိုက်တောင်သူ မခင်မိုးအေးက မဇ္ဈိမသို့ ပြောသည်။
ယခုဖြိုင်ဖြိုင်ပေါ်နေသော ခရမ်းချဉ်များကို ဒီဇင်ဘာလကုန် ၊ ဇန်နဝါရီလဆန်းပိုင်းက စိုက်ပျိုးခဲ့ပြီး သုံးလအကြာတွင် ဆွတ်ခူးရကြောင်းသိရသည်။
"ပခုက္ကူက ပွဲစားတွေ ကားနဲ့လာဝယ်တာတော့ရှိတယ်။ သူတို့ဆီရောင်းရင် တစ်ရာကို မရဘူး"ဟု မခင်မိုးအေးက ဆက်လက်ပြောပြသည်။
လက်ရှိအချိန်၌ ခရမ်းချဉ်ပင်များအား ပင်တိုင်နှင့်ကပ်၍ ကြိုးချည်ရန်ရှိသော်လည်း လုပ်သားစျေးနှုန်းနှင့် ခရမ်းချဉ်စျေးနှုန်း မမျှသောကြောင့် မလုပ်ဘဲ နေနေရကြောင်း သိရသည်။
ယခင်နှစ်က အခုချိန်၌ ခရမ်းချဉ်သီးစျေးနှုန်းမှာ ၁ ပိဿာ ၃၀၀ ကျပ် မှ ၄၀၀ ကျပ်ကြား ပေါက်စျေးရှိကြောင်းသိရသည်။