မတ်လ ၂၈ ။ ။ နန်းတော်ရှေ့ဆရာတင်ရဲ့ သူဌေးဝါဒ သီချင်းနှင့် ပတ်သက်ပြီး သားစိုးက ပြေလည်သွားပြီလို့ သူ့လူမှုကွန်ယက်မှာ ဒီနေ့တင်ထားခဲ့ပါတယ်။
“အန်တီနန်းခင်အေးနှင့် တွေဆုံပြီး ဂီတအစည်းအရုံးမှာ နှစ်ဦးနှစ်ဘက် ကျေလည်အောင် ညှိနှိုင်းခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။
သားစိုးက “မိမိအနေဖြင့် မြန်မာသံစစ်စစ် တခွေဖန်တီးနေဆဲကာလ ဖြစ်သဖြင့် ယခုလို ခွင့်ပြုချက် ပေးသဖြင့်အထူးဝမ်းသာမိပါသည်” လို့ ရေးသားထားပြီး ဒေါ်နန်းခင်အေးက သူဌေးဝါဒ သီချင်းအား မြန်မာသံဖြင့် ဆိုပါက ခွင့်ပြုမည်လို့ ပြောခဲ့၍ အလွန်ဝမ်းသာမိပါတယ်လို့ တင်ထားပါတယ်။
သားစိုးက “အဓိကမှာ မိမိလေးစားနှစ်ခြိုက်ရသည့် သဘင်ပညာရှင်ကြီးများက ယခုလို အမြင်လွှဲမှားမှုများဖြစ်ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်ဘက်ကလည်း ခွင့်ပြုချက်တောင်းခံရာတွင် ကိုယ်တိုင်မလုပ်မိဘဲ ကြားခံလူဖြင့် ပြုလုပ်ခိုင်းရာ အမှားအယွင်းများ ဖြစ်ပေါ်ရပါတယ်” လို့ ပြောပါတယ်။
သားစိုးရဲ့ ရောသမွှေ တေးစီးရီးမှာ နန်းတော်ရှေ့ဆရာတင်ရဲ့ သူဌေးဝါဒ သီချင်းကို အသုံးပြုထားပြီး ဗားရှင်းပြောင်းဆိုခြင်း၊ စာသားတွေ ဖြတ်တောက်ခြင်းတို့ပါ၀င်ခဲ့တဲ့အပေါ် နန်းတော်ရှေ့ဆရာတင်မိသားစုက ပြောခဲ့တာပါ။ ဒီအတွက် အနူးအညွှတ်တောင်းပန်တယ်လို့ သားစိုးက ပြောပါတယ်။
ဒီနေ့ မတ်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တွင် နှစ်ဘက်တွေ့ဆုံညှိနှိုင်းခဲ့တာ ဖြစ်ပြီး ပြေလည်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သားစိုးက ဧပြီ (၁) ရက်နေ့ ညနေ (၆) နာရီ၊ မန္တလေးမြို့၊ ( ရ၈ ) လမ်းမကြီး ပေါ်ရှိ Golden City Event Park ( ခင်စောမူကွေ့ ) ၌ “၂၀၀၀ ခုနှစ်များဆီသို့ ပြန်လည်စီးမျောမည့် Back to Millennium: A Journey to Mandalay Concert ” တွင်လည်း ပါ၀င်သီဆိုမှာဖြစ်ပြီး မျိုးကျော့မြိုင်၊ ACID ၊ သီအိုရီ၊ မြေပဲယို၊ Too Big ၊ KOOK ၊ Teens၊ NO ၊ Examplez ၊ အဲလက်စ်၊ R ဇာနည်၊ System ၊ ငယ်ငယ်တို့ လည်း ပါ၀င်ကာ လက်မှတ်ခ ၁၅၀၀၀ မှ ကျပ် ၉၀၀၀၀ အထိ သတ်မှတ်ထားပါတယ်။