ရန်ကုန် ၊ မတ် ၂၈ ။ ။ Myanmar Idol Season 2 Winner ဆုရှင် သားငယ်သည် ၎င်း၏ ဇာတိမြေဖြစ်သည့် ရခိုင်ပြည်နယ် မာန်အောင်ကျွန်းကို မတ်လ ၂၇ရက်က ထွက်ခွာသွားပြီ ဖြစ်သလို မတ်လ ၂၈ရက်မှာတော့ တောင်ကုတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သားငယ်သည် ကွယ်လွန်သွားပြီဖြစ်သည့် မိဘနှစ်ပါးအတွက် ရည်စူးပြီး အလှုုပြုလုပ်မည်ရန် မွေးရပ်မြေ ရခိုင်ပြည်နယ်သို့ သွားရောက်ခြင်းဖြစ်သလို ၎င်း၏ ပရိသတ်များနှင့် တွေကဆုံရန်လည်း စီစဉ်ထားသည်။
သားငယ်က “ကျနော် ဒီနေ့ မာန်အောင်ကိုလာပါမယ်..။ မနက်ဖြန်မနက် တောင်ကုတ် ကိုရောက်မှာပါ။ တောင်ကုတ်က အမျိုးတွေနဲ့လည်း တွေ့ချင်ပါတယ်ဗျား...ရခိုင်တစ်ပြည်နယ်လုံး ကို လာချင်ပေမယ့် သင်္ကြန်အတွက် ပြင်ဆင်စရာလေးတွေနဲ့ လက်ခံထားပြီးသား ပွဲလေးတွေရှိလို့ မွေးရပ်မြေ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာပဲ ကွယ်လွန်သွားတဲ့ ကျနော့်မိဘနှစ်ပါး အတွက် ရည်စူးပြီး အလှူလုပ်ပေးရင်း ကျနော်ချစ်ရတဲ့သူ အားလုံးနဲ့လည်း ပရဟိတ တစ်ခုခုလုပ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ပါတယ်..။ တစ်ခြားမြို့တွေကို လောလောဆယ်မလာနိုင်ခဲ့တာကိုတော့ နားလည်ခွင့်လွှတ်နားလည်ပေးဖို့ (အထူး) မေတ္တာရပ်ခံပါရစေ...။ သင်္ကြန်ပြီးတာနဲ့ ကျနော်အချိန်ရရင်ရသလို အားလုံးနဲ့တွေ့ဖို့ ကျနော် စီစဉ်ပါ့မယ်ဗျ” ဟု ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
Myanmar Idol Season 2 Winner သားငယ် ၏ အိမ်ပြန်ခရီးစဉ်ကိုလည်း ရိုက်ကူးရန် အတွက် MNTV နှင့် Ch 9 ရုပ်သံလိုင်းတို့မှ လိုက်ပါသွားပြီး ရိုက်ကူး မှတ်တမ်းတင်လျက် ရှိသလို ယင်းအစီအစဉ်ကို MNTV မှ ဆက်လက် ထုတ်လွင့်ပေးသွားမည် ဖြစ်သည်။
သားငယ်၏ အိမ်ပြန် ခရီးစဉ်တွင် လာရောက် ကြိုဆိုကြသည့် ပရိသတ်တွေများပြားသလို မတ်လ ၃၁ရက်တွင် တောင်ကုတ်မြို့ရှိ တောင်ကုတ်မြို့မ ဘောလုံးကွင်း၌ သားငယ်နှင့် ၎င်း၏ ပရိသတ်များ တွေ့ဆုံပွဲကို ကျင်းပသွားမည် ဖြစ်သည်။
Myanmar Idol Season 2 ကို Grand Final ပွဲကို မတ်လ ၂၅ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းရှိ Hexagon Complex ၌ ကျင်းပပြုလုပ်ခဲ့ပြီး Grand Final ပွဲသို့ တက်ရောက်ခွင့်ရသည့် ပြိုင်ပွဲဝင် သားငယ် နှင့် ဘီလီလမင်းအေးတို့မှ သီဆိုယှဉ်ပြိုင်ခဲ့ကြရာတွင် ပြိုင်ပွဲဝင် သားငယ်မှ Myanmar Idol Season 2 Winner အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။