မတ် ၂၄၊ ရန်ကုန် ။ ။ မြန်မာနေရှင်နယ်လိဂ်ထိပ်သီးကလပ် ရှမ်းယူနိုက်တက်အသင်းကို ပြည်တွင်းအားကစားကုမ္ပဏီ တစ်ခုဖြစ်သည့် Winner Sports ကုမ္ပဏီက PRO//SPORT အမှတ်တံဆိပ် ဝတ်စုံစပွန်ဆာပေးအပ်ပွဲကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ယနေ့နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာအမျိုးသားပိုင် Winner Sports ကုမ္ပဏီသည် PRO//SPORT ကိုယ်ပိုင်အမှတ်တံဆိပ် ဂျာစီများကို ထုတ်လုပ်လျက်ရှိပြီး ရှမ်းယူနိုက်တက်အသင်းအပါအဝင် မြန်မာ့ဘောလုံးလောကမှ အသင်းပေါင်း ၉ သင်းကို စပွန်ဆာပေးထားခြင်း ဖြစ်သည်။
အသင်းအားလုံးကို စပွန်ဆာအပြည့်အဝ ပေးထားခြင်းမျိုးမဟုတ်သော်လည်း တတ်နိုင်သလောက် ရာခိုင်နှုန်းများအထိ စပွန်ဆာပေးထားခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းကို စပွန်ဆာပေးထားမှုက အများဆုံးဖြစ်ပြီး တစ်နှစ်သက်တမ်းရှိ ဝတ်စုံစပွန်ဆာတန်ဖိုးမှာ ကျပ်သိန်း ၁၅၀ ဝန်းကျင်ခန့်ဖြစ်သည်။
အခုလိုစပွန်ဆာပေးရခြင်းမှာ ပြည်တွင်းအားကစားအမှတ်တံဆိပ်တစ်ခုအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းကို စပွန်ဆာပေးဖို့ထိ ရည်မှန်းထားတာကြောင့် ပထမဆုံးခြေလှမ်းအဖြစ် မြန်မာနေရှင်နယ်လိဂ်အသင်းကြီးတစ်သင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု Winner Sports ၏မန်နေဂျင်းဒါရိုက်တာ ကိုမျိုးပိုင်ချစ်က ပြောဆိုခဲ့သည်။
ရှမ်းယူနိုက်တက်အသင်း၏ အမှုဆောင်အရာရှိချုပ် ဦးစောလုလုထော်ကလည်း စပွန်ဆာပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ရှမ်းယူနိုက်တက်အသင်းသုံးသင်းတွင် အနည်းဆုံး တစ်သင်းချန်ပီယံဖြစ်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အသင်းကြီးကို အများကြီးမျှော်လင့်ထားကြောင်းနှင့် ချန်ပီယံဖြစ်ရန် ကြိုးစားပေးဆပ်ရန်လည်း ၎င်းက တိုက်တွန်းပြောဆိုသွားခဲ့သည်။