မတ်လ ၂၀ ။ ။ မတ်လ ၁၆ ရက်တွင် ထုတ်ပြန်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာနှင့် ပတ်သက်ပြီး မတ်လ ၁၈ ရက်က အီးယူက ထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် “ ၎င်းအကြံပြုချက်များမှာ အောက်ခံအကြောင်းရင်းများကို ဖြေရှင်းကိုင်တွယ်ဖို့ ဥရောပ သမဂ္ဂ၏ ယခင်တိုက်တွန်းတောင်းဆိုမှုများကို ထပ်လောင်းအတည်ပြုထားခြင်းပြီး ၎င်းတို့တွင်နိင်ငံမဲ့မှုနှင့် ခွဲခြား ဆက်ဆံမှုကို ပပျောက်စေခြင်း၊ လူ့အသိုင်းအဝိုင်းအားလုံး ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု တူညီစွာရရှိစေရေးနှင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ရှိစေရေး စသည်တို့ ပါ၀င်သည်”ဟု ဖော်ပြထားသည်။
အီးယူအနေဖြင့် အဆိုပါ ကိုဖီအာနန်ကော်မရှင်၏ အစီရင်ခံစာအကြံပြုချက်များအား လျင်မြန်စွာအကောင်အထည်ဖော်ရန် တိုက်တွန်းထားပြီး အီးယူအနေဖြင့် အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအစိုးရမှလည်း အဆိုပါအစီရင်ခံစာအပေါ် အချိန်မဆိုင်းဘဲ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားမှုအပေါ် ၀မ်းမြောက်စရာခြေလှမ်းတစ်ရပ်ဟု အီးယူက ဆိုသည်။
ကိုဖီအာနန် ကော်မရှင် အကြံပြုစာတွင် သတင်းမီဒီယာများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများကို အဆီးအတားမရှိဘဲ ပဋိပက္ခဖြစ်ပွားရာနေရာများသို့ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို စီစစ်ပြီး နိုင်ငံသားဖြစ်ခွင့်ပေးကာ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ ပဋိပက္ခဖြစ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိုက်သင့်သလို အပြစ်ဒဏ်များ ချမှတ်ပေးရန် စသည့် အကြံပြုချက်များ ပါ၀င်သည်။
ထို့အပြင် IDPs စခန်းများကို ပိတ်ပစ်ပြီး မူလရပ်ရွာများတွင် ပြန်လည်အခြေချနေထိုင်ခွင့်ပြုရန်၊ အစိုးရအနေဖြင့် နိုင်ငံရေးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင် မွတ်ဆလင်များ၏ ကိုယ်စားပြုမှု အားကောင်းလာစေရေးအတွက် လုပ်ဆောင်ပေးရန်၊ လုံခြံုရေးတပ်ဖွဲ့ဝင်များအား လူ့အခွင့်အရေးနှင့်ဆက်စပ်သည့် သင်တန်းများပေးရန် ဆိုသည့် အကြံပြုချက်များပါ၀င်သည်။
နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်မှ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ဒေါက်တာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ကာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့မှ ၃ ရက်အထိ ရခိုင်ပြည်နယ်သို့ နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်မှ နှစ်ဖက်အသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့ကာ မတ်လ ၁၆ ရက်တွင် ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အီးယူအနေဖြင့် ထိုသို့ဆောင်ရွက်သွားရန် မြန်မာနိုင်ငံအစိုးရအား ကူညီထောက်ပံ့သွားရန် အသင့်ရှိနေသည်ဟု မတ်လ ၁၈ ရက် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသေးသည်။