မကွေး၊ မတ်လ ၁၇ ။ ။ မကွေးမြို့၏ အဓိကလမ်းမကြီးများဆုံရာ နေရာ ၆ ခုတွင် ယာဉ်အသုံးပြုမှုရှုပ်ထွေးခြင်းမရှိစေ ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မီးပွိုင့်များ တပ်ဆင်သွားမည်ဖြစ် ကြောင်း သိရသည်။
မကွေးမြို့၊ပြည်တော်သာလမ်းမကြီးပေါ်တွင် အဝေရာလမ်းနှင့် ပြည်တော်သာလမ်းထောင့် ၊ သစ္စာလမ်းနှင့် ပြည်တော်သာလမ်းထောင့် ၊ မြို့မစျေးရှေ့ လမ်းမတော်လမ်းနှင့် ပြည်တော် သာလမ်းထောင့်၊ အထက ၁ လမ်းမကြီးပေါ် တွင် သစ္စာလမ်းနှင့်အထက ၁ လမ်းထောင့်၊ မေတ္တာလမ်းနှင့်အထက ၁ လမ်းထောင့်၊ တောင်တွင်းလမ်းမကြီးပေါ်တွင် အဝေရာလမ်းနှင့် တောင်တွင်းလမ်းထောင့် နေရာများတွင် တပ်ဆင်ရန် အစိုးရအဖွဲ့မှ အတည်ပြုပြီး ဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ သိရသည်။
“အသုံးပြုမယ့်ငွေကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်နဲ့ရမယ်။ စည်ပင်ကတော့ လုပ်ငန်းအကောင်အထည် ဖော်ပေးရတာပါ။ တွက်ချက်မှုအရ သိန်း ၆၀၀ အသုံးပြုခွင့် ရပြီးတော့ မတ်လကုန်လောက် စနိုင်ဖို့ လျာထားပါတယ်။ နေရာတစ်ခုမှာ 4 Jumping မီးပွိုင့် ၄ ခု ၊ ၀ါစိမ်းနီမီးနဲ့ Count Down ၊ ၈ ပေပတ်လည် ယာဉ်ထိန်းခန်း တို့ ပါ၀င် မှာဖြစ်ပါတယ် ” ဟု မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးထင်အောင်က ပြောသည်။
Myanmar Traffic ကုမ္ပဏီက မီးပွိုင့်များတပ်ဆင်ခြင်းကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး၊ အထက(၁)လမ်းနှင့်သစ္စာလမ်း ထောင့်နေရာ၊ ပြည်တော်သာလမ်းနှင့် သစ္စာလမ်းထောင့်နေရာများရှိ လမ်းကွေ့မျက်ကွယ် ထရန်စဖော်ကြီးများရွှေ့ပြောင်းနိုင်ရေးအတွက်လည်း အစိုးရအဖွဲ့ထံတင်ပြပြီး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးထင်အောင်က ဆက်လက် ပြောကြားသည်။
လက်ရှိတွင် မကွေးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှ နတ်မောက်လမ်းနှင့်ဗိုလ်ချုပ်လမ်း ဆုံ၊ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ၊ ပန်းခြံအနီး ၁ လမ်းနှင့်ဗိုလ်ချုပ်လမ်းဆုံနေရာ ၃ ခု၌ မီးပွိုင့်များ တပ်ဆင်ထားသည်။