မတ် ၁၂ ။ ။ ယနေ့တနင်္ဂနွေနေ့တွင် ရော့တာဒမ်မြို့ရှိ တူရကီကောင်စစ်ဝန်ရုံး အပြင်ဘက်တွင် ဆန္ဒပြနေသော လူအုပ်ကြီးအား နယ်သာလန်ရဲများသည် မီးသတ်အမြှောက်များကို အသုံးပြုကာ ဖြိုခွင်းခဲ့ပြီး တူရကီဝန်ကြီးချုပ် ကိုလည်း နိုင်ငံအတွင်းမလာရန် နှင်ထုတ်ခဲ့သည်။
နာရီပေါင်းများစွာကြာ တည်ငြိမ်စွာဆန္ဒပြနေခဲ့ အပြီးတွင် လူပေါင်း ၁၀၀၀ခန့်သည် ကောင်စစ်ဝန်ရုံးရှေ့၌ စုဝေးနေခဲ့သောကြောင့် နယ်သာလန်ရဲများက ဖြိုခွင်းရန်ကြိုးပမ်းခဲ့ပြီး မြင်းများပေါ်မှအမိန့်ပေးခဲ့ကာ ထိန်းချုပ်နိုင်ရန်အတွက် ခွေးများကို အသုံးပြုခဲ့ကြသည်။
ဆန္ဒပြသူများကလည်း ပြန်လည်ရိုက်နှက်ခြင်း၊ ဆူပူမှုနှိမ်နင်းရေး ရဲများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ပြီး လမ်းမများပေါ်၌လည်း ကားများရာနှင့်ချီပိတ်နေခဲ့ကာ ဟွန်းသံများနှင့် ဆူညံနေခဲ့သည်။
တူရကီနိုင်ငံခြားရေးဝန်ကြီးချုပ် မက်ဗ်လတ်ကာဗတ်စ်ဆိုဂလူက ရော့တာဒမ်မြို့တွင် တူရကီအစိုးရကို ထောက်ခံသော စုဝေးချီတက်မှုကို တက်ရောက်ရန် စီစဉ်ထားသည်ဟု ပြောခဲ့အပြီးတွင် လျင်မြန်စွာ ပြောင်းလဲနေသော တင်းမာမှုအခြေအနေများမှ နောက်ဆုံးတွင် အကြမ်းဖက်မှုဖြစ်စဉ်သို့ တိမ်းစောင်းသွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သော နယ်သာလန်နိုင်ငံသည် တူရကီနိုင်ငံ၌ လာမည့်ဧပြီလတွင် ကျင်းပမည်ဖြစ်သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် တူရကီနိုင်ငံခြားရေးဝန်ကြီးချုပ် ကာဗတ်စ်ဆိုဂလူအား နယ်သာလန်ရှိ တူရကီလူမျိုးများထံသို့ လာရောက်မဲဆွယ်ခွင့် ပေးမည်မဟုတ်ကြောင်း ထပ်ခါတလလဲလဲ ပြောကြားခဲ့ပြီး သူ၏ လေယာဉ်ကိုလည်း နိုင်ငံအတွင်း ဆင်းသက်ခွင့်ပြုရန် ငြင်းဆန်ခဲ့သည်။
ဂျာမနီနှင့် အခြားဥရောပသမဂ္ဂအဖွဲ့ဝင်များက ကာဗတ်စ်ဆိုဂလူအား မဲဆွယ်စည်းရုံးရေးအတွက် လာရောက်ခြင်းမပြုရန် ပိတ်ပင်ခဲ့အပြီးတွင် နယ်သာလန်နိုင်ငံကလည်း ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တူရကီသမ္မတအာဒိုဂန်က နာဇီတို့၏သိမ်းပိုက်ခြင်း ခံခဲ့ရဖူးသော နယ်သာလန်နိုင်ငံအား နာဇီအကြွင်းအကျန်များ ဟု ဒေါသတကြီး သမုတ်ခဲ့သည်။