မင်္ဂလာပါ ။
ဒီတပတ်မှာတော့ အညာရနံ့လေးသင်းပျံ့စေမယ့် အမဲကင်ခရမ်းချဉ်သီးချက်လေး ချက်စားကြရအောင်။ အညာ Taste အပြည့်အဝ ရစေဖို့ အတွက် ဟင်းချက်တဲ့ မြေအိုးလေးတော့ မဖြစ်မနေ လိုအပ်ပါတယ်။ မီးကင်ထားတဲ့ အမဲသားမွှေးမွှေးလေးကို မြေအိုးလေးနဲ့ ချက်လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အရသာက ဆွေမျိုးတွေတောင် မေ့သွားစေမှာပါ။
ကဲအခု လိုအပ်တာလေးတွေ ပြင်ဆင်ကြရအောင်။ လိုအပ်တာတွေကတော့
အမဲအသားကောင်းကောင်း ၃၀သား( အနေတော် တုံးပြီး ဆား ၊ ဆနွင်း နယ်ထားပါ)
ကြက်သွန်နီ ၂ ဥ
ကြက်သွန်ဖြူ ၁ ဥ
ငရုတ်သီးမှုန့် အနည်းငယ်
ကိုင်းခရမ်းချဉ်သီး ၁၀ လုံးခန့်
စိမ်းစား ငါးပိ အနည်းငယ်တို့ပဲ ဖြစ်ပါတယ် ။
အခုဆိုရင် အမဲသားကို မီးကင်ပါမယ်။ မီးအေးအေးနဲ့ ဟိုဘက် ဒီဘက် တဖက်စီလှည့်ပေးပါ။
အမဲသားက တင်းပြီး မွှေးလာပြီဆိုရင်တော့ ရပါပြီ။
အမဲသားကို ခဏ အအေးခံထားတုန်း ခရမ်းချဉ်သီးလေးတွေကို အလုံးလိုက် ထိပ်ဖောက်ထားပါ။ ငါးပိထည့်ပါ။
ငရုတ်သီး ကြက်သွန်ဖြူနီကို ညက်ညက်လေး ထောင်းထားပြီးရင် အိုးထဲကို ထည့်ပါ။ အမဲသားကင် ဆား၊နနွင်း တစ်လက်စထဲ ထည့်ပြီး နှံ့သွားအောင်နယ်ပေးပါ။ ဆီကို လက်ဖက်စားဇွန်းနဲ့ ၂ဇွန်း ထည့်ပါ။
အကုန်နှံ့သွားရင်တော့ အိုးတစ်ဝက်မြှပ်တဲ့ အထိ ရေထည့်ပြီး မီးသွေးမီး အေးအေးနဲ့ တည်ထားပါ။
အရသာ အပေါ့ အငန် မြည်းပါ။ အိုး မကပ်အောင် မကြာခဏ မွှေကြည့်ပါ။ ရေမခမ်းတခမ်းဖြစ်ပြီး အသားနူးရင်တော့ အမဲသားကင်ခရမ်းချဉ်သီးချက် ရပါပြီ။
အမဲသားက မီးကင်ထားလို့ အတုံးလိုက်လေး တင်းတင်းအိအိနဲ့ အသားကင်နံ့ မွှေးမွှေးထဲကို ခရမ်းချဉ်သီးရဲ့ အချဉ်ဓာတ် ငါးပိရဲ့ ချို ငံ ဓာတ်လေး စိမ့်ဝင်နေတော့ အရသာက လျှာဖျားမှာတွင် ပေါ်လွင်မှာပါ။
ဒါကတော့ အညာဒေသရဲ့ ရနံ့လေး အပြည့်အဝရစေမယ့် အမဲကင် ခရမ်းချဉ်သီးချက်လေးပါ။ ချက်ရ ကင်ရနဲ့ နည်းနည်းအလုပ်ရှုပ်သယောင်ဖြစ်ပေမယ့် ဟင်းချက်ရင်း အနံ့လေးရရုံနဲ့ အမောပြေစေမှာပါ။ ဆီလည်း ပါရုံသာ ထည့်ထားလို့ ဆီပြန်ဟင်းမကြိုက်သူတွေအတွက်လည်း ထမင်းမြိန်စေမှာပါ။
ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။