ပခုက္ကူ မတ် ၁၁ ။ ။ ပခုက္ကူမြို့ရှိ ခရိုင်ပြည်သူ့အားကစားကွင်းတွင် နွေရာသီအားကစားသင်တန်းများအား မတ်လ ၆ ရက်မှစတင်ကာ ဧပြီလအထိ အခမဲ့ဖွင့်လှစ်နေကြောင်း သင်တန်းစီစဉ်သူများထံက သိရသည်။
ပခုက္ကူမြို့၊ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားကျောင်းသူများ၏ ကျွမ်းကျင်ရာ အားကစားဘက်တွင် ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်သည်ဟု သင်တန်းနည်းပြ ဦးအောင်မိုးကျော်က ပြောသည်။
"နွေရာသီအားကစားသင်တန်းဆိုတာ ကလေးတွေရဲ့ ခန္ဓာကိုယ်ဖွံဖြိုးရေး၊စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးရေးအတွက် သူတို့ ဝါသနာပါရာ အားကစားပညာရပ်တစ်ခုခုကို စနစ်တကျလေ့လာရန်အတွက် ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်"ဟု သင်တန်းနည်းပြ ဦးအောင်မိုးကျော်က မဇ္ဈိမသို့ ပြောသည်။
အားကစားသင်တန်းများအား အတန်းအလိုက်ခွဲခြားသတ်မှတ်ကာ ဒုတိယတန်းမှစတင်၍ ဒသမတန်း ကျောင်းသားများအထိ လက်ခံကာ အခမဲ့သင်ကြား ပေးသွားမည်ဖြစ်ကာ သင်တန်းမှ ထူးချွန်သင်တန်းသားများအား သင့်တော်ရာအကယ်ဒမီသင်တန်းကျောင်းများသို့ ပို့ရန် ရည်ရွယ်ထားကြောင်း သိရသည်။
"သင်တန်းအမျိုးအစား ၆ မျိုး ရှိပါတယ်။ အဲ့ဒီကနေ ထူးချွန်သူလူငယ်တွေကို သက်ဆိုင်ရာအကယ်ဒမီတွေကို မြို့အနေနဲ့ အပ်နှင်းပေးသွားမှာပါ။ ပြီးတော့ ဒီသင်တန်းက လူငယ်တွေကို ဆက်လက်ထူးချွန်ဖို့ တစ်ရာသီစာ အားကစားပြိုင်ပွဲတွေလည်း ကျင်းပပေးသွားမှာပါ"ဟု သင်တန်းစီစဉ်သူ ဦးရဲထွဋ်က ပြောသည်။
အဆိုပါ သင်တန်းများအား မတ်လ ၆ရက်နေ့မှ စတင်ဖွင့်လှစ်ကာ ဧပြီလ အထိ ဖြစ်ပြီး လက်ရှိအချိန်တွင် တက်ရောက်သူ သင်တန်းသား ဦးရေ ၁၇၀ကျော် ရှိသည်။ ယင်းအားကစားသင်တန်းများအား ပခုက္ကူခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပခုက္ကူမြို့ မြို့မိမြို့ဖများက ပူးပေါင်းဖွင့်လှစ်ပေးခြင်း ဖြစ်သည်။