မင်္ဂလာပါ…………….။
ဒီတစ်ပတ်တော့ ငါးလယ်တောငါးပိချက်လေး ချက်စားကြရအောင်။ ကိုယ့်ရဲ့လက်တစ်ကမ်းမှာ ရနိုင်တာလေးနဲ့ စားကောင်းတဲ့ ဟင်းတစ်ခွက် ဖန်တီးနိုင်ပါတယ်။ ငါးလယ်တော ငါးပိချက် မှာ ချိုချဉ်ငံစပ် အရသာသာစုံလင်လို့ ထမင်းမြိန်မှာ အသေအချာပါပဲ။
ငါးလယ်တော ငါးပိချက်အတွက် လိုအပ်တာတွေကတော့
ငါးကြင်းဖြူ ၃၀သား
ကြက်သွန်ဖြူ အနည်းငယ်
ငရုတ်သီး စိမ်း (အစပ်စားနိုင်သလောက်ထည့်ပါ)
နံနံပင် အနည်းငယ်
မန်ကျည်းသီးစိမ်း သို့မဟုတ် မရမ်းသီးစိမ်း အနည်းငယ် ( အချဉ်အရသာ အတွက် ကြိုက်နှစ်သက်ရာ ထည့်နိုင်)
ငါးပိစိမ်းစား အနည်းငယ်
ဆီ ထမင်းစားဇွန်းတစ်ဇွန်း တို့ပဲ ဖြစ်ပါတယ်။
အရင်ဆုံး ငါးကို အကြေးခွံဖယ်၊ အနေတော်တုံးပြီး ဆား၊ ဆနွင်း နာနာနယ်ပြီး နှပ်ထားပါ။
ပြီးရင်တော့ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ မရမ်းသီး အနည်းငယ်ကို ရောကြိတ်ထားပါတယ်။
နံနံပင်ကို ပါးပါးလှီးပါ။ မရမ်းသီးကို အဖတ်လိုက်ထည့်ဖို့ ငရုတ်သီးနဲ့ရောမကြိတ်ဘဲ အနည်းငယ်ချန်ထားပါ။
အားလုံးစုံပြီဆို ချက်ဖို့ပြင်ဆင်ကြရအောင်ပါ။
ချက်ဖို့ အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ အားလုံးကို အိုးထဲရောထည့်ပါ ။ ဆီ စတီးဇွန်းတစ်ဇွန်း ထည့်ပြီး မီးအေးအေးလေးနဲ့ ခဏတည်ထားရပါမယ်။ လုံးချက်လေးချက်တာမို့ ငါး အညှီနံ့ပျောက်အောင် ခဏတော့ တည်ထားရပါမယ် ။
၅မိနစ်လောက်နေရင်တော့ ငါးမြှုပ်အောင် ရေလေးအနည်းငယ် ထည့်တည်ထားပါ။
ငါးဟင်းက အကြာကြီးချက်စရာမလိုတဲ့ ဟင်းမျိုးဆိုတော့ ရေထည့်တည်ပြီး မိနစ် ၂၀လောက်နေရင် ရပါပြီ။
ငါး အရသာအချိုလေးရယ်၊ မရမ်းသီးရဲ့ အချဉ်ဓာတ်ရယ်၊ ငါးပိစိမ်းစားရဲ့ အငန်ဓာတ်လေးရယ်၊ ငရုတ်သီးစိမ်း ခပ်စပ်စပ်အရသာနဲ့၊ ကြက်သွန်ဖြူ ၊ နံနံပင်တို့ရဲ့ အမွှေးရနံ့ရယ်နဲ့ဆို မစားခင်ကတည်းက သွားရည်ယိုရတဲ့ ငါးလယ်တောငါးပိချက်လေးပါ။
လယ်တောငါးပိချက်ဆိုတဲ့အတိုင်း ဆီကို နည်းနည်းပဲထည့်ပြီး ငါးငပိချက်ကို အရည်စပ်စပ်လေးနဲ့ ချက်ထားတာမို့ ထမင်းပူပူလေးမှာ ဟင်းရည်လေးဆမ်းပြီး စားလိုက်ရင် ဆွေမျိုးပါမေ့သွားမှာပါ။ ချက်ရတာလည်း မခက်ခဲဘဲ အချိန်လည်း မကြာပေမယ့် အရသာရှိတဲ့ ဟင်းတစ်ခွက်ကို အမြန်ဖန်တီးနိုင်တာမို့ ဟင်းချက်ဖို့ စိတ်မရှည်သူတွေတောင် ချက်ဖို့ အဆင်ပြေစေမှာပါ။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။