ဖေဖော်ဝါရီ ၂၄၊ လန်ဒန်။ ။ ချယ်လ်ဆီးအသင်းမှ ထိပ်ပိုင်းတာဝန်ရှိသူများသည် ပရီးမီးယားလိဂ်တွင် ရင်းနှီးမြှုပ်နှံချင်နေသည့် တရုတ်အချမ်းသာဆုံး ကုမ္ပဏီ တစ်ခုနှင့် တွေ့ဆုံခဲ့ကြသည်။
ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းဝင်ဖြစ်ပြီး တစ်နှစ်ဝင်ငွေပေါင် ၂၀ ဘီလီယံကျော်ရနေသည့် HNA Group သည် ပရီးမီးယား လိဂ်တွင်ရင်းနှီးမြှုပ်နှံရန် ဆက်လက်ကြိုးပမ်းနေမှုအဖြစ် ကိုယ်စားလှယ်အချို့ကို စတမ်းဖို့ဒ်ဘရစ်ချ်သို့စေလွှတ်ခဲ့သည်ဟု စပို့စ်မေးလ်က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းဥက္ကဋ္ဌဘရုစ်ဘက်ခ်သည် ချယ်လ်ဆီးအသင်းအက်ဖ်အေဖလားတွင် ပီတာဘရော့ကို ၄-၁ ဂိုးဖြင့်အနိုင်ရသည့် ပွဲ မတိုင်မီတစ်ရက် ဇန်နဝါရီ ၇ တွင် HNA မှ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ယင်းအဖွဲ့သည် ပီတာဘရော့ပွဲကို ဒါရိုက်တာတန်းမှကြည့်ရှုခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်အမှုဆောင်ဘားတွင် ပရီးမီးယားလိဂ်ဖလား ပုံတူနှင့်အတူ ဓါတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးမှုမှာ တရုတ်အဖွဲ့နှင့် ချယ်လ်ဆီးတို့အကြားဒုတိယအကြိမ်ဖြစ်ပြီး ဘရုစ်ဘက်ခ်အနေဖြင့် ဆွေးနွေးမှုအတွက် အာရှသို့သွားမည်ဟုလည်း ယူဆရသည်။
HNA အဖွဲ့မှရင်းမြစ်တစ်ခုက HNA အနေဖြင့် ပရီးမီးယားလိဂ်အသင်းတစ်သင်းကိုဝယ်ယူရန် နှစ်အနည်းငယ်ခန့်ကတည်းက ကြိုးပမ်းနေသည်ဟု ပြောသည်။
ချယ်လ်ဆီးနှင့်မည်သည့်ပုံစံဆွေးနွေးသည်ကိုအတိအကျမသိရသော်လည်း ဘဏ္ဍာရေးထောက်ပံ့မှုများရပါက စတမ်းဖို့ဒ်ဘရစ်ချ် ကွင်းချဲ့ခြင်းအပါအဝင် စီမံကိန်းများအတွက် များစွာအထောက်ကူဖြစ်လိမ့်မည်ဟု စပို့စ်မေးလ်က သုံးသပ်ခဲ့သည်။
Ref; Daily Mail