မန္တလေး၊ဖေဖော်ဝါရီ ၂၀ ။ ။ အဆို၊ အကနှင့်ပန်းချီ၊ပန်းပု စိတ်ဝင်စားသည့် လူငယ်များကို စနစ်တကျတတ်မြောက်စေရန်အတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဟု အနုပညာအထက်တန်းကျောင်း (မန္တလေး)၊ ပန်တျာဌာနမှ ကျောင်းအုပ်ကြီး ဦးအောင်သက်ထွန်းက မဇ္ဈိမ ကို ပြောသည်။
အဆိုပါသင်တန်းများကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၆လမ်း၊၂၀လမ်းနှင့်၂၁လမ်းကြားရှိ အနုပညာအထက်တန်းကျောင်း(မန္တလေး)တွင် ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်၍ နံနက် ၉ နာရီမှ ၁၁ နာရီအထိ နေ့စဉ် မတ်လ ၂၄ ရက်နေ့အထိ သင်ကြားပေးသွားမည်ဟု ဦးအောင်သက်ထွန်းက ဆိုသည်။
"အဓိကကတော့ ပန်းချီ၊ပန်းပုလေ့လာ လိုက်စားတဲ့ လူငယ်တွေ စနစ်တကျ တတ်မြောက်ရန် ရည်ရွယ်ပြီး ဖွင့်ပေးတာပါ။အရင်ကတော့ ကလေးတွေကလည်း စိတ်ဝင်စားမှုနည်းတယ်။ မိဘကလည်း စိတ်ဝင်စားမှုမရှိဘူး။အခုဟာကတော့ မိဘတွေကိုယ်တိုင်ကိုက စိတ်ဝင်စားများပြီး အားပေးလာကြတယ်"ဟု ဦးအောင်သက်ထွန်းက ပြောသည်။
ယခု အခြေခံသင်တန်းတက်ရောက်ပြီးသူများအနေဖြင့် နောက်တစ်နှစ်ဖွင့်လှစ်မည့် တန်းမြင့်သင်တန်းတွင် ဆက်လက်သင်ကြားနိုင်သည်ဟုလည်း သိရသည်။
သင်တန်းများကို အသက် ၅ နှစ်မှစတင်၍ တက်ရောက်သင်ကြားနိုင်မှာဖြစ်ပြီး သင်တန်းကြေးမှာ ၁၅၀၀၀ကျပ်ဖြစ်ကာ လျှောက်လွှာများကို အနုပညာအထက်တန်းကျောင်း(မန္တလေး)တွင် ထုတ်ယူနိုင်ကြောင်းသိရသည်။