မုံရွာ၊ ဖေဖော်ဝါရီ ၂၀။ ။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးကြမည့်မဲဆန္ဒရှင်းများထဲမှ အကျဉ်းကျ မဲဆန္ဒရှင်များကို မဲပေးခွင့်အတွက် စောင့်ကြည့်နေကြောင်း မုံရွာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြင်စောက ပြောသည်။
အပြီးသတ်မဲစာရင်းတွင် ထည့်သွင်းနိုင်ရန်အတွက် စောင့်ကြည့်နေခြင်းဖြစ်ပြီး မဲဆန္ဒရှင်များနှင့် ပတ်သက်၍ ပုံစံ(၃)၊ ပုံစံ(၄)၊ ၄(ဂ) တို့ဖြင့်လည်း ဆက်လက်ပြင်ဆင်နေရမှု တို့လည်း ရှိကြောင်း ဆက်လက်ပြောကြားသည်။
"အကျဉ်းကျတွေ ရှိနေသေးတယ်၊ ထောင်ကျ၊ မကျကို စောင့်ကြည့်နေတာ။ တကယ်လို့ မဲပေးရမယ့်နေ့ထိ ထောင်မကျခဲ့ဘူးဆိုရင် သူတို့အကျဉ်းစခန်းကိုလိုက်ပြီး မဲပေးရမယ် " ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြင်စောက ပြောသည်။
မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အတွင်းတွင် မဲပေးပိုင်ခွင့်ရှိသူအရေအတွက်မှာ ၂၄၄၀၀၀ ကျော်ခန့်ရှိနေပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းထက် နည်းပါးလာကြောင်း သိရသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မုံရွာမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။