ဖေဖော်ဝါရီ ၁၈၊ ။ ။ ဘူးသီးတောင်မြို့နယ်၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် မိုင်တိုင် ၅၆ နှင့် ၅၇ ကြား၌ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ နယ်စပ်ခြံစည်းရိုး ကင်းလှည့်လမ်း ပြုပြင်ရေးအဖွဲ့အား နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးနေသည့် တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၃နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တောင်ကုန်းတွင် အသင့်နေရာယူထားသော အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသည့် ခေါင်းဆောင် (စိစစ်ဆဲ) လက်နက်ကိုင်အင်အား ၃၀ ခန့်မှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ကြပြီး ၅ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ အဆိုပါပစ်ခတ်သူများက အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်ဟု ထုတ်ပြန်သည်။
ပစ်ခတ်မှုကြောင့် ဒုတပ်ကြပ် ဝင်းသန်း၊ ဦးခေါင်းထိပ် အရှည် ၅ စင်တီမီတာ ခန့် ဦးရေပြား လက်နက်ငယ် ကျည်ရှပ်ထိမှန် (မစိုးရိမ်ရ)၊ တပ်သားရဲထက် ဘယ်ဘက် လက်မောင်းနှင့် ဦးရေပြား ၄ စင်တီမီတာခန့် လက်နက်ငယ် ကျည်ရှပ်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။