ချင်းမိုင်၊ဖေဖော်ဝါရီလ ၁၅ ။ ။ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံအတွက် ကြိုတင်ပြင်ဆင်သည့် ကချင်အမျိုးသား ညီလာခံကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပခွင့်မရကြောင်း သိရသည်။
ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)မှ ဦးဆောင်၍ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ကျင်းပရန် ပြင်ဆင်ထားရာမှ နယ်စပ်လုံခြုံရေးဝန်ကြီးမှ ညီလာခံ ကျင်းပခွင့် မပြုခြင်း ဖြစ်သည်ဟု WMR အဖွဲ့မှ အတွင်းရေးမှူး ဦးဂမ်အောင်က ပြောသည်။
“ပြည်နယ်အစိုးရက နေရာနဲ့ ပတ်သက်လို့ ဒီခန်းမမှာ ဘယ်သူ့ကိုမှ မလုပ်ခိုင်းဘူး။ မနေ့က နယ်လုံ ဝန်ကြီးနဲ့ ကျွန်တော်တို့နဲ့ တွေ့ဆုံဆွေးနွေးတယ်။ ဒီနေ့ ၁၂ နာရီမှာ ပြည်နယ်အစိုးရက ညီလာခံ မဂျွယ် ခန်းမမှာ မလုပ်ဖို့ဆိုတဲ့ စာရတယ်။ ဒါပေမဲ့ WMR ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌတို့ ခုထိ သွားညှိနှိုင်းနေတုန်းပဲ ရှိသေးတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပနိုင်ရေးအတွက် WMR မှ တာဝန်ရှိသူများ ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သူက ပြောသည်။
လူပေါင်း ၅၀၀ ကျော်ခန့် တက်ရောက်မည့် ညီလာခံအတွက် ကြိုဆင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်၍ ချက်ချင်း ပြန်လည် ပြောင်းရွှေ့ရန် မလွယ်ကူသဖြင့် မဂျွယ်ခန်းမတွင် ပြုလုပ်နိုင်ရန် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု WMR မှ လူငယ်တာဝန်ခံ ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။
မနောကွင်းရှိ မဂျွယ်ခန်းမတွင် သက်ဆိုင်ရာ အစိုးရက ခွင့်ပြုချက် မရသော်လည်း ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)က ညီလာခံ ဖြစ်မြောက်ရန် စီစဉ်ထားပြီး ဖြစ်၍ မနောကွင်းအတွင်းရှိ မဏ္ဍပ်တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။
“အကြီးအကဲတွေ လာမယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့ လုပ်ခွင့်မရဘူးဆိုပြီး ပြောလာတယ်။ တရားဝင် စာတော့ စောင့်နေတယ်။ ကျွန်တော်က ညီလာခံ လုပ်ဖို့ အကုန်စီစဉ်လိုက်ပြီး ခွင့်မပေးလို့ မရဘူး။ ကျွန်တော်တို့ မဂျွယ်ခန်းမမှာ လုပ်လို့မရဘူးဆိုရင် မနောကွင်းနားက ကျွန်တော်တို့ စတိတ်ရှိူးတွေ လုပ်တဲ့ မဏ္ဍပ်မှာ လုပ်မယ်”ဟု သူက ပြောသည်။
WMR မှ ညီလာခံ ကျင်းပခွင့်ပြုချက်တောင်းခံစာကို မြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ စာပေးပို့ပြီးနောက် ခရိုင်ရုံး၊ ပြည်နယ်၊ မြို့နယ်ရုံးထိ အဆင့်ဆင့် စာတင်ပြခဲ့ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သူက ပြောသည်။
ထိုညီလာခံတွင် ကချင်အမျိုးသား ညီလာခံတွင် လာမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်မည့် ကချင်လူထု ကိုယ်စားပြု ကိုယ်စားလှယ် ၁၀၀ ကို ရွေးချယ်ခြင်း၊ ညီလာခံတွင် ဆွေးနွေးရမည့် အခန်းကဏ္ဍများကို ကြိုဆင်ပြင်ဆင်ထားခြင်း ပြုလုပ်ကြမည် ဖြစ်ကြောင် ကချင် အမျိုးသားများ အတိုင်ပင်ခံအဖွဲ့(WMR)မှ လူငယ်တာဝန်ခံ ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။
ညီလာခံ တက်ရောက်ရန်အတွက် ကချင်လူထုအတွင်းရှိ ကချင်လူထု အခြေပြုအဖွဲ့အစည်းများ၊ ကချင်ဘာသာရေး ပေါင်းစုံ၊ လူငယ် အမျိုးသမီး အဖွဲ့အစည်းများ အားလုံးမှ ကိုယ်စားပြု ကိုယ်စား လှယ်များ တက်ရောက်ရန် လူပေါင်း ၆၀၀ ခန့်ကို ဖိတ်ကြားထားသည်။