ဖေဖော်ဝါရီ ၁၂၊ မန်ချက်စတာ။ ။ နည်းပြဂွာဒီယိုလာ၏ တန်ဖိုးထားခံရခြင်းမရှိဟုခံစားနေသည့် အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးအဂူရိုသည် နွေရာသီတွင် မန်ချက်စတာစီးတီးအသင်းမှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေသည်။
စီးတီးအသင်းကရောင်းချရန် အစီအစဉ်မရှိသည့်တိုင် အဂူရိုကအသင်းမှ ထွက်ခွာရန်ပြင်ဆင်နေသည်ဟု သူငယ်ချင်းများကို ပြောဆိုထားသည်။
စပိန်လူမျိုးနည်းပြ၏နည်းစနစ်များအရ မိမိ၏အကောင်းဆုံးစွမ်းဆောင်ရည်မှာကန့်သတ်ခံနေရသည်ဟု အာဂျင်တီးနား တိုက်စစ်မှူးက ယူဆနေသည်။
အဂူရို၏တစ်ပတ်ပေါင် ၂၅၀, ၀၀၀ တန်စာချုပ်မှာ ၂၀၂၀ ခုနှစ်အထိ သက်တမ်းရှိနေသေးသည်။ သို့သော်ပြီးခဲ့သည့်တစ်ပတ်တွင် အဂူရိုက “ကျွန်တော့်အတွက်နေရာရှိလား၊ မရှိဘူးလားဆိုတာကို အသင်းကဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်အကောင်းဆုံးလုပ်ပြ ဖို့ သုံးလအချိန်ရပြီး အဲဒီနောက်မှာ ကျွန်တော့်အပေါ်အသင်းကဘယ်လိုသဘောထားမလဲ စောင့်ကြည့်ရမှာပါ”ဟု ဆိုသည်။
စပိန်ထိပ်သီးရီးယဲလ်မက်ဒရစ်နှင့် အီတလီကလပ် အင်တာမီလန်တို့က အဂူရိုကိုလက်ကမ်းကြိုဆိုနေကြသည်။
Ref; The Sun