မုံရွာ၊ ဇန်နဝါရီ ၁၆။ ။ ဒီဇင်ဘာ ၁၂ ရက်ညပိုင်းက အသတ်ခံခဲ့ရသော မုံရွာသတင်းထောက် ကိုစိုးမိုးထွန်းအမှုအတွက် ဖမ်းဆီးစစ်ဆေးနေသော သံသယရှိသူနှစ်ဦးအား ဇန်နဝါရီ ၁၆ ရက်က ပြန်လွှတ်ပေးခဲ့သည်။
ရမန်ယူကာ ဖမ်းဆီးစစ်ဆေးနေသော KTV ဝန်ထမ်းနှစ်ဦးအား သံသယဖြစ်ဖွယ်ရာမတွေ့ရှိရ၍ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ၄ ပတ်ကြာ ရမန်ယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၉ ရက်မှ ဇန်နဝါရီ ၂ ရက်နေ့ထိ ပထမရမန်ယူကာ စစ်ဆေးခဲ့ပြီး ဒုတိယရမန်အား ဇန်နဝါရီ ၁၆ ရက်နေ့ထိ ထပ်မံရမန်ယူခဲ့ခြင်းဖြစ်သည်။
"ကျင့် ၁၆၉ နဲ့အညီ လွှတ်လိုက်တယ်။ အမှုနဲ့ငြိစွန်းခြင်းမရှိလို့ပြန်လွှတ်လိုက်တာပါ "ဟု မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က မဇ္ဈိမသို့ ပြောသည်။
ထို့ပြင် ဇန်နဝါရီ ၂ ရက်နေ့က အခြား သံသယရှိသူတစ်ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယနေ့ရမန်ပြည့်သည့်အတွက် ဇန်နဝါရီ ၃၀ ရက်နေ့ထိ ထပ်မံရမန်ယူခဲ့ကြောင်း ၎င်းက ပြောသည်။
မုံရွာမြို့၏ Eleven သတင်းထောက် ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၂ ရက် မုံရွာဂေါက်ကွင်းအနီး၊ ပြည်ထောင်စုလမ်းတွင် အသတ်ခံလိုက်ရပြီး တစ်လကျော်ကြာမြင့် သည်အထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။