မုံရွာ၊ ဇန်နဝါရီ ၁၄ ။ ။ မုံရွာသတင်းထောက်အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ရန်အတွက် အမှုစစ်အဖွဲ့ ထပ်တိုးဖွဲ့ကာ စစ်ဆေးနေကြောင်း မုံရွာနယ်မြေရဲစခန်း ဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။
မုံရွာနယ်မြေရဲစခန်း ရဲအုပ်ရဲအောင်နှင့်အဖွဲ့ ပါဝင်ဖွဲ့စည်းထားသော အမှုစစ်အဖွဲ့ကို ထပ်တိုးဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့ပြောသည်။
"အမှုစစ်အဖွဲ့ထပ်တိုးဖွဲ့စည်းပြီး စစ်ဆေးနေပါတယ်"ဟု ဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။
ထို့ပြင် ဇန်နဝါရီ ၂ ရက်က စတင် ရမန်ယူ ဖမ်းဆီးစစ်ဆေးခဲ့သူတစ်ဦးကိုလည်း မုံရွာနယ်မြေရဲစခန်းတွင် ချုပ်နှောင်စစ်ဆေးလျှက်ရှိကြောင်း ဆက်လက်ပြောကြားသည်။
သတင်းထောက် ကိုစိုးမိုးထွန်း အသက်ခံရမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၉ ရက်က သံသယရှိသူနှစ်ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဇန်နဝါရီ ၂ ရက်ကလည်း နောက်သံသယရှိသူတစ်ဦးကိုလည်း ထပ်မံ ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။
မုံရွာမြို့အခြေစိုက် Eleven သတင်းထောက် ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၂ ရက် မုံရွာဂေါက်ကွင်းအနီး၊ ပြည်ထောင်စုလမ်းတွင် အသက်ခံလိုက်ရပြီး တစ်လကျော်ကြာမြင့် သည်အထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။