ဇန်နဝါရီ ၁၁ ။ ။ နျူကလီးယားဗုံး ဆယ်လုံးထုတ်လုပ်ရန် မြောက်ကိုရီးယားတို့တွင် ပလူတိုနီယမ် ဟုခေါ်သော ရေဒီယိုသတ္တိကြွဒြပ်စင် အလုံအလောက်ရှိနေပြီဖြစ်ကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ထုတ်ဖော်သတိပေး ပြောကြားလိုက်သည်။
တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ရန် ရှိနေသည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျံုအန်းက ထုတ်ပြောထားပြီး သီတင်းပတ်တစ်ပတ်အကြာတွင် ယခုကဲ့သို့ တောင်ကိုရီးယားဘက်က သတိပေးသွားခြင်းဖြစ်သည်။
နျူကလီးယားစမ်းသပ်မှု ငါးကြိမ်နှင့် မြောက်မြားစွာသော ဒုံးကျည်စမ်းသပ်မှုများကို လုပ်ဆောင်ထားသော ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်ထဲတွင် နျူကလီးယားအစီအစဉ်ကို လုပ်ဆောင်ရန် စီစဉ်နေသည်ဟု ယူဆရပြီး အမေရိကန်ပြည်မကြီးထိရောက်နိုင်သော လက်နက်စနစ်များ ထုတ်လုပ်နိုင်ရန်လည်း ကြိုးပမ်းနေသည်ဟု ယုံကြည်ရသည်။
ပြံုးယမ်းအစိုးရ၏ နျူကလီးယားရည်ရွယ်ချက်များအထမြောက်နိုင်ရန် နီးစပ်နေခြင်းရှိမရှိ အကဲဖြတ်လေ့လာသူများအကြား ၀ိ၀ါဒကွဲပြားနေလျက်ရှိနေသော်လည်း အားလုံးသဘောတူထားသည့်အချက်မှာမူ ယင်းနိုင်ငံအနေဖြင့် လက်ရှိခေါင်ဆောင်ကင်ဂျံုအန်းတက်လာပြီးနောက်ပိုင်း နျူခြေလှမ်းများကို ကျဲကျဲလှမ်းထားနိုင်သည်ဆိုသည့်အချက်ပင်ဖြစ်သည်။
ယခုအခါတွင်လည်း မြောက်ကိုရီးယားတို့ထံတွင် နျူလက်နက် ဆယ်ခုလောက်ထိ ထုတ်လုပ်နိုင်မည့် လက်နက်လုပ်နိုင်သည့်အဆင့်ရှိ ပလူတိုနီယမ် ကီလို ၅၀ ခန့် (ပေါင် ၁၁၀) ရှိထားပြီဟု ယုံကြည်ရကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးသွားသည်။