NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့မှ ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေး ကျင်းပမည်

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့မှ ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေး ကျင်းပမည်
၂၀၁၆ ခုနှစ်မတ်လက ကျင်းပတဲ့ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးအပြီး PPST ခေါင်းဆောင်အချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဖနိဒါ)

ချင်းမိုင်၊ ဇန်နဝါရီ ၉ ။            ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ အရေးပေါ်အစည်းအဝေးကို ကရင်ပြည်နယ် လော်ခီးလာတွင် ဇန်နဝါရီလ ၁၀ ရက်၌ စတင်ကျင်းပမည် ဖြစ်သည်။

အရေးပေါ်အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ “အခုလတ်တလော ပြဿနာလေးတွေနဲ့ ရှေရှည်နဲ့ နှစ်မျိုးပေါ့လေ။ လတ်တလော ပြဿနာဆိုတာက သိတဲ့အတိုင်းပဲ။ ALP နဲ့ ကျောင်းသားအဖွဲ့ ဖမ်းခံရတာ ရှိတယ်။ အဲဒီဟာတွေ နည်းနာရှာပြီး ဖြေရှင်းဖို့ပေါ့”ဟု ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ဗဟိုကော်မတီဝင် ရဲဘော် မင်းဌေးအား မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးအရေးယူထားသည့် ကိစ္စ နှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင်များ ဖမ်းဆီးထိန်းသိမ်း ခံထားရမှုများအပေါ် အဖွဲ့ ၈ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ နှင့် အရံ ၈ဦး စုစုပေါင်း ၁၆ဦးတို့က နည်းနာများရှာရန် ဆွေးနွေးကြမည်ဟု ၎င်းကပြောသည်။

ALP မှ အဖွဲဝင် ၃ ဦးမှာ ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး ABSDF မှ ရဲဘော် မင်းဌေးကို ဒီဇင်ဘာလ ၂၈ ရက်က ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်ရှိ စိန်လုံ စစ်ဆေးရေးဂိတ်တွင် မြန်မာ့တပ်မတော်က ဖမ်းဆီးကာ မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

PPST၏ အစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ကျင်းပမည် ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး(ငြိမ်းချမ်းရေးကောင်စီ)-KNU-PC၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့မှ ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်သည်။

သို့သော် CNF အဖွဲ့သည် ဗဟိုကော်မတီအစည်းအဝေး ရှိသဖြင့် တက်ရောက်၊ မတက်ရောက် မသိရသေးကြောင်း ခွန်ဥက္ကာက ပြောသည်။

PPST ကို NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း ၈ ဖွဲ့၏ ၂၀၁၆ ခုနှစ် မတ်လက ကျင်းပသော ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏ ခေါင်းဆောင်အဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် မူထူးစေးဖိုးနှင့် RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ဦးဆောင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags