ရန်ကုန်၊ ဇန်နဝါရီ ၈ ။ ။ ဘင်္ဂလားပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲသွားနိုင်ပြီး မွန်ပြည်နယ်ကို ဦးတည်ရွေ့လျားသွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ခန့်မှန်းထားသည်။
ပထမ ဇန်နဝါရီ ၆ ရက်နေ့ တိုင်းထွာချက်များအရ မြစ်ဝကျွန်းပေါ်သို့ ဦးတည်လာမည်ဟု ခန့်မှန်းထားသော်လည်း ဇန်နဝါရီ ရ ရက်နေ့ တိုင်းထွာချက်များအရ မွန်ပြည်နယ်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားခြင်းဖြစ်သည်။
"ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်၄၈နာရီ အတွင်း မှန်တိုင်းငယ်ဖြစ်လာပြီးနောက် အရှှေ့ မြောက်ဖက်သို့ တဖြည်းဖြည်းရွေ့လျားနိုင်ပါသည်။ ကမ်းကိုမဖြတ်မီ အားပြန်လျော့ကျလာပြီး မွန်ပြည်နယ်သို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်" ဟု ဦးထွန်းလွင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
ထို့အပြင် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နှစ်ရက်ခန့်ကြာ အချိန်အခါမဟုတ် မိုးဆက်လက်ရွာနိုင်သကဲ့သို့ ကမ်းရိုးတန်းဒေသများ လေပြင်းသတိပြုရန် မိုး/ဇလက သတင်းထုတ်ပြန်သည်။